၂၇. ၁၁. ၂၀၂၃

Translated by Htwe Ko Tun

နှစ်လနီးပါးကြာခဲ့ပြီဖြစ်သော အစ္စရေး-ဟားမားစ်စစ်ပွဲက နိုဝင်ဘာ ၂၄ ရက်မှစ၍ လေးရက်ကြာ အပစ်အခတ်ရပ်စဲမှုပြုရန်နှင့်ဖမ်းဆီးထားသူများပြန်လွှတ်ပေးရန်သဘော တူညီချက်ရခဲ့ကြရာ နိုဝင်ဘာ ၂၇ ရက်တွင် ယာယီအပစ်အခတ်ရပ်စဲရေး၏ နောက်ဆုံးနေ့အ​ဖြစ်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

ယာယီအပစ်အခတ်ရပ်စဲမှု၏ ပထမသုံးရက်အတွင်း ဟားမားစ်တို့က ဖမ်းဆီးထားသော ဓားစာခံ ၅၈ ဦးကို ပြန်လွှတ်ခဲ့ပြီး အဓိကအားဖြင့် အမျိုးသမီးနှင့်ကလေးများဖြစ်ကြသည်။ အစ္စရေးတို့ဘက်မှလည်း အပြန်အ လှန်အားဖြင့် ပါလက်စတိုင်း အကျဥ်းသား ၁၁၇ ဦးကို ပြန်လွှတ်ပေးခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရအနေနှင့် ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို တိုးချဲ့သွားရန်တွန်းအားပေးသွားမည်ဟု ပြောခဲ့သည်။ သို့မှသာလျှင် ဖမ်းဆီးခံထားရသော ဓားစာခံများလည်း ပိုမိုလွတ်မြောက်နိုင်ကာ ဂါဇာဒေသသို့လည်းလူသားချင်းစာနာမှု အထောက်အပံ့များ ရောက်ရှိနိုင်မည်ဟု ၎င်းကပြောခဲ့သည်။

အပစ်အခတ်ရပ်စဲရေး၏နောက်ဆုံးနေ့တွင် အစ္စရေးနှင့်ဟားမားစ် နှစ်ဖက်စလုံးကပင် အပစ်အခတ်ရပ်စဲရေးကိုတိုးချဲ့သွားရန် စိတ်ဝင်စားသည့် လက္ခဏာ ရှိကြပြီး အပစ်အခတ်ရပ်စဲရေးအား တိုးချဲ့နိုင်ရန် အလားအလာများကို ဆွေးနွေးနေကြကြောင်းလည်း သိရသည်။ သို့ရာတွင် နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းအထိ အပစ်အခတ်ရပ်စဲရေးတိုးချဲ့ရန်သဘောတူသည့်ကြေညာချက် ထွက်ပေါ်မလာသေးပေ။

ဟားမားစ်တို့က ဓားစာခံ ၅၈ ဦးကို ပြန်လွှတ်ခဲ့ပြီးဖြစ်ရာ အပစ်အခတ်ရပ်စဲရေးနောက်ဆုံးနေ့ဖြစ်သော နိုဝင်ဘာ ၂၇ ရက်တွင်လည်း ဟားမားစ်တို့ ပြန်လွှတ်ပေးမည့်ဓားစာခံစာရင်းကိုရရှိပြီးဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ကြေညာခဲ့သည်။

နိုဝင်ဘာ ၂၆ ရက်တွင်မူ ရာဖာဂိတ်မှ ဂါဇာဒေသအတွင်းသို့ အထောက်အပံ့ပစ္စည်းများတင်ဆောင်ထားသောထရပ်ကား အနည်းဆုံး ၁၂၀ စီးဝင်ရောက် သွားနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း သိရသည်။

Ref : ; CNN

Leave a Reply

Your email address will not be published. Required fields are marked *

Related News