၂၄. ၁၁. ၂၀၂၃

Written by Nyein Kyaw

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မဈေးမီးလောင်မှုသည် ပြည်‌ပရောက်မီဒီယာများ ဖော်ပြနေသကဲ့သို့ တပ်မတော်က ပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့်မဟုတ်ဘဲ ဒေသခံများ အထင်အမြင်လွဲမှားအောင် ပြုလုပ်သည့် ရှို့မီးသာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး‌ကောင်စီ (SAC) ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ရခိုင်ပြည်နယ်ဘက်မှာတော့ ပုဏ္ဏားကျွန်းဈေး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့၊ ရွာ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်ပေးနေတာရှိပါတယ်။ ပုဏ္ဏားကျွန်းဈေးကြီးမီးလောင်တာနဲ့ ပတ်သက်ပြီး ဒီဟာသည် ကျွန်တော်တို့ သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ AA အနေနဲ့ ဒါ ဒေသခံပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၄ ရက် (ယနေ့)တွင် ပြည်ပ‌ရောက်မီဒီယာအချို့က “ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ပုဏ္ဏားကျွန်းမြို့ပေါ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်လိုက်လို့ မြို့မဈေးပေါ်ကျရောက်ပြီး ဈေးတခုလုံး မီးလောင်ပြာကျခဲ့တယ်လို့” မဟုတ်မမှန် ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တပ်မတော်ဖြစ်တာနဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နိုဝင်ဘာ ၂၄ ရက် (ယနေ့) နေ့လယ် ၂ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့မဈေး မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံး မီး‌လောင်ပြာကျသွားခဲ့ခြင်းဖြစ်သည်။ ပုဏ္ဏားကျွန်းမြို့မဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၁၅၀ ကျော်ရှိပြီး မီးလောင်မှုကြောင့် လူများထိခိုက်မှုမရှိခဲ့သော်လည်း အဝတ်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ကုန်လှောင်ရုံများ၊ စားသုံးဆီစသည့်တို့ မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *