၂၀. ၁၁. ၂၀၂၃

Written by Nay Aung

အိန္ဒိယအာဏာပိုင်များသည် မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ချန်ဖိုင်ဒေသသို့ တိမ်းရှောင်လာခဲ့သော မြန်မာ့တပ်မတော်သား ၂၉ ဦးကို နိုဝင်ဘာ ၁၉ ရက်တွင် ပြန်ပို့ခဲ့ကြောင်း သိရသည်။

အိန္ဒိယအာဏာပိုင်များက အိန္ဒိယတပ်မတော်ပိုင် ရဟတ်ယာဉ်နှစ်စီးဖြင့် မြန်မာတပ်မတော်သား ၂၉ ဦးကို မီဇိုရမ်ပြည်နယ် ချန်ဖိုင်ဒေသမှ မဏိပူရပြည်နယ် မိုးရေးမြို့သို့ ခေါ်ဆောင်ခဲ့ကာ အိန္ဒိယနှင့်မြန်မာနယ်စပ်ဒေသတွင် မြန်မာအာဏာပိုင်များထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ပြောသည်။

အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် မြန်မာတပ်မတော်သား ၂၉ ဦးသည် နိုဝင်ဘာ ၁၆ ရက်တွင် အိန္ဒိယနိုင်ငံ ပိုင်နက်ထဲသို့ တိမ်း ရှောင်သွားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယအာဏာပိုင်တစ်ဦးက ” ကျွန်တော်တို့ဟာ မြန်မာစစ်သား ၂၉ ဦးကို ဇီဝဗေဒလုပ်ငန်းစဉ်များ စစ်ဆေးမှုအပါအဝင် အခြားလိုအပ်တာတွေ အပြီးသတ်လုပ် ဆောင်ခဲ့ပြီးနောက် တမူးမြို့ရှိ မြန်မာ့တပ်မတော်တာဝန်ရှိသူများထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်” ဟု ဆိုသည်။

အိန္ဒိယ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ Lalbiakthanga Khiangte က မြန်မာ့တပ်မတော်သား ၂၉ ဦးသည် နိုဝင်ဘာ ၁၆ ရက်က အိန္ဒိယပိုင်နက်ထဲသို့ တိမ်းရှောင်လာခဲ့ပြီး အဆိုပါစစ်သားများထဲတွင် ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးတို့ ပါဝင်ခဲ့ကြောင်း ပြောသည်။

၎င်းက “မြန်မာ့တပ်မတော်သားတွေဟာ မီဇိုရမ်ပြည်နယ်ရဲစခန်းကို လာရောက်အကူအညီတောင်းခံခဲ့တယ်။ အဲဒီသူတွေကို အာသံရိုင်ဖယ်တပ်ရင်းထံ လွှဲပြောင်းပေးခဲ့တယ်”ဟု ပြောသည်။

အဆိုပါတပ်သားများသည် မီဇိုရမ်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသော အိန္ဒိယနှင့် မြန်မာနယ်စပ်ဒေသဖြစ်သည့် ချင်းပြည်နယ် Tuibual စခန်းမှဖြစ်ကြောင်း၊ တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် နယ်စပ်မြစ်ဖြစ်သော Tiau မြစ်ကို ဖြတ်သန်းကာ မီဇိုရမ်ပြည်နယ်ထဲကိုဝင်ရောက် တိမ်းရှောင်ခိုလှုံခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ဒုတိယအပတ်ကလည်း မြန်မာ့တပ်မတော်သား ၄၃ ဦး အိန္ဒိယနိုင်ငံဘက် ရောက်ရှိလာ၍ ပြန်လည်ပို့ဆောင်ခဲ့မှုဖြစ်ပွားခဲ့သည်။

Ref;indiatimes.

Leave a Reply

Your email address will not be published. Required fields are marked *

Related News