December 11, 2023

၁၉. ၁၁. ၂၀၂၃

Written by Nyein Kyaw

အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၁၉ ရက်အတွင်း မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက် နေထိုင်နေသည့် တရုတ်နိုင်ငံသား ၁၀၁၇ ဦး ဖမ်းမိခဲ့၍ ဥပဒေနှင့်အညီ စိစစ်ပြီးနောက် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ဒီနေ့မှာတော့ နယ်စပ်ဒေသတွေမှာ မြန်မာနိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့သူတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်ပြီးတော့ လွှဲပြောင်းပေးတာတွေရှိပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့ကနေ နိုဝင်ဘာလ ၁၉ ရက်အထိ နယ်စပ်ဒေသတွေမှာ တရားမဝင်ဝင်ရောက်နေထိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၉၃၅ ဦး၊ အမျိုးသမီး ၈၂ ဦးပေါ့။ စုစုပေါင်း ၁၀၁၇ ဦးကို ဥပဒေနဲ့အညီ စိစစ်ပြီးတော့ တရုတ်နိုင်ငံဘက်ကို လွှဲပြောင်းခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။

မြန်မာအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် လုပ်ငန်းများအဓိကလုပ်ကိုင်နေသာ ရှမ်းမြောက်ဒေသနှင့် ဆက်စပ်နေသည့် ရှမ်းပြည် နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းအတွင်း၌ တရားမဝင်နေထိုင်မှုနှင့် သံသယရှိသူများကို စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်နေသည်။

“ကျွန်တော်တို့အနေနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အတူ ပူးပေါင်း‌ဆောင်ရွက်လျက်ရှိကြောင်း ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *