၁၇. ၁၁. ၂၀၂၃
Written by Pan Ei
ဆမ်ဆောင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် လီဂျေယောင်( Lee Jae Yong) ကို စာရင်း အင်းလိမ်လည်မှုစွဲချက်တွေနဲ့ ၂၀၁၅ ခုနှစ်က ဆမ်ဆောင်းရဲ့လုပ်ငန်းခွဲတွေ ပေါင်းစည်းမှုမှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံ ပါဝင်တဲ့ စတော့စျေးနှုန်း ခြယ်လှယ်မှုစွဲချက်တွေနဲ့အတူ တောင်ကိုရီးယား အစိုးရရှေ့နေတွေက သောကြာနေ့ (နိုဝင်ဘာလ ၁၇ ရက်) မှာ ထောင်ဒဏ် ငါးနှစ် ချမှတ်ဖို့ တရားခွင်မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
လီဂျေယောင်နဲ့ အမှုဆောင်အရာရှိတွေက ဘယ်လို အမှားအယွင်းမှုကိုမှ မလုပ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး အစိုးရရှေ့နေတွေက ပြဿနာရှိနေတယ်လို့ယူဆထားတဲ့ ပေါင်းစည်းမှုနဲ့ စာရင်းကိုင်လုပ်ငန်းစဉ်တွေဟာ ပုံမှန်စီမံခန့်ခွဲမှုလုပ်ငန်းတွေရဲ့ တစ်စိတ်တစ်ပိုင်းသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီနေ့ ပြုလုပ်ခဲ့တဲ့ ကြားနာပွဲကို လီဂျေယောင်ကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့သိရပြီး အားလပ်ချိန်အတွင်း တရားရုံးအပြင်ဘက်မှာ ထောက်ခံသူအုပ်စုငယ်တစ်စုက သူ့ရဲ့အမည်ကို ကြွေးကြော်ကာ အားပေးခဲ့ကြပေမဲ့ ဆန့်ကျင်သူတွေကတော့ ဒေါသတကြီး အော်ဟစ်ခဲ့ကြပါတယ်။
စီရင်ချက်အပေါ် မူတည်ပြီး လီအနေနဲ့ ဆမ်ဆောင်းအီလက်ထရောနစ်နဲ့ လုပ်ငန်းခွဲတွေရဲ့ အနာဂတ်ကို ပုံသွင်းဖို့ ပိုမိုလွယ်ကူမယ် ဒါမှမဟုတ် ပိုမိုခက်ခဲလာလိမ့်မယ်လို့ သုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။
လီဟာ အရင်တုန်းကလည်း တောင်ကိုရီးယားသမ္မတဟောင်း ပက်ဂွန်ဟီးကို လာဘ်ပေးလာဘ်ယူမှုနဲ့ စွဲချက်တင်ခံခဲ့ရဖူးပြီး ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ စုစုပေါင်း ၁၈ လကြာ ထောင်ဒဏ်ကျခံခဲ့ရကာ ၂၀၂၁ ခုနှစ်မှာတော့ လွတ်ငြိမ်းခွင့်ရရှိခဲ့ပါတယ်။
Ref; Reuters
