၁၆. ၁၁. ၂၀၂၃
Written by Nyein Kyaw

နှာခေါင်း၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုအတွက် တရားမဝင်ခွဲစိတ်ကုသခြင်း၊ တရားမဝင်ဆေးဝါးများအသုံးပြုခြင်းများ ဆောင်ရွက်နေသည့် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယက်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာဆရာဝန်တစ်ဦးတို့ ဦးဆောင်ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့ရှိ Saigon Beauty Skin & Luxury Clinic အား အမှုဖွင့်လှစ်ကာ အရေးယူဆောင်ရွက်ထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ အမှတ်(၂၄/C)၊ နတ်မောက်ရိပ်သာလမ်း ၊ ဆရာစံရပ်ကွက်တွင် ဖွင့်လှစ်ထားသည်ဟု Facebook စာမျက်နှာတွင် ကြော်ငြာထားသည့် Saigon Beauty Skin & Luxury Clinic လုပ်ငန်းမှ နိုဝင်ဘာ ၁၄ ရက်တွင် Aesthetic လုပ်ငန်းများဖြစ်သော နှာခေါင်းခွဲစိတ်မှုများ၊ မျက်ရစ်နှင့် နှုတ်ခမ်းခွဲစိတ်ကုသမှုများကို ပြုလုပ်ပေးလျက်ရှိကြောင်း လူမှုကွန်ရက်စာမျက်နှာ၌ ကြော်ငြာခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-16_16-01-21.jpg

ယင်းကဲ့သို့ ကြော်ငြာထားသည်ကို တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့နယ်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်သော အဖွဲ့ဖြင့် ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မြန်မာနိုင်ငံတွင် ဆေးကုသခွင့်လိုင်စင်မရှိသည့် ဗီယမ်နမ်နိုင်ငံသားတစ်ဦးနှင့် မြန်မာနိုင်ငံသားဆရာဝန်တစ်ဦးတို့ ပါဝင်သောအဖွဲ့မှ တရားမဝင်ခွဲစိတ်ကုသခြင်း၊ တရားမဝင်ဆေးဝါးများအသုံးပြုခြင်းများအား တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ Saigon Beauty Skin & Luxury Clinic လုပ်ငန်းအား မြန်မာနိုင်ငံဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံဆေးကောင်စီဥပဒေနှင့် ပုဂ္ဂလိကကျန်းမာ‌ရေးလုပ်ငန်းဆိုင်ရာ ဥပ‌ဒေများဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ တရားလိုပြုလုပ်၍ ဗဟန်းမြို့နယ်ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *