၇. ၁၁. ၂၀၂၃
Written by Ye Kyaw

ဆန်တင်ပို့မှုလျော့ကျနေသဖြင့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွင်း တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန်နှစ်သိန်း တင်ပို့နိုင်ရန် ဆောင်ရွက်နေသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တန်ချိန် ၁၂၀၀၀၀ နီးပါးသာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၁၉,၅၂၆ တန်တင်ပို့မှုမှ ဝင်‌ငွေဒေါ်လာ ၆၃ သန်းသာ ရရှိခဲ့သော်လည်း ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှစတင်၍ လအလိုက်တင်ပို့မှုတွင်မူ အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ်အတွင်း လအလိုက် ဆန်နှင့်ဆန်ကွဲတင်ပို့မှုသည် ဧပြီလတွင် တန်ချိန် ၈၇,၆၄၈ တန်၊ မေလတွင် တန်ချိန် ၁၁၀,၇၀၆ တန်၊ ဇွန်လတွင် တန်ချိန် ၆၂,၇၂၅ တန်၊ ဇူလိုင်လတွင် ၅၈,၃၃၄ တန်၊ ဩဂုတ်လတွင် တန်ချိန် ၅၉,၉၇၁ တန်၊ စက်တင်ဘာလတွင် တန်ချိန် ၈၄,၇၇၃ တန်နှင့် အောက်တိုဘာလတွင် တန်ချိန် ၁၁၉,၅၂၆ ဖြင့် စုစုပေါင်း တန်ချိန် ၅၈၃,၆၈၃ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၇၁ သန်း ရရှိထားသည်။

လက်ရှိဘဏ္ဍာနှစ်တွင် ဆန်နှင့်ဆန်ကွဲ တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန်မျှော်မှန်းထားပြီး အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွင်း တစ်လလျှင် တန်ချိန်နှစ်သိန်းစီ တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က အသင်းချုပ်၏ လစဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားခြင်းဖြစ်သည်။

Photo- Ye Kyaw

Leave a Reply

Your email address will not be published. Required fields are marked *