MT News
၆. ၁၁. ၂၀၂၃
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ (၄/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို ဒီနေ့မနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၈)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှာ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကော်မရှင်အဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။
အစည်းအဝေးမှာ လက်ရှိရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ ခု မတည်ငွေရင်း တိုးမြှင့်တာအပါအဝင် စက်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်း တိုးမြှင့်တင်သွင်းတာ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အထွေထွေကိစ္စရပ်တွေကို ဆွေးနွေးဆုံးဖြတ်ကြပါတယ်။ အဆိုပါ မတည်ငွေ ရင်းတိုးမြှင့်တဲ့ လုပ်ငန်းတွေရဲ့ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၇၈၃ သန်းနဲ့ မြန်မာကျပ်ငွေ ၉,၈၄၀ ဒသမ ၀၅၅ သန်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိနဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်တဲ့လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ငန်းတွေ၊ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်တဲ့လုပ်ငန်း၊ ဆေးဝါးနဲ့ ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ၊ ဆီထွက်သီးနှံ စိုက်ပျိုး၊ ထုတ်လုပ်တဲ့လုပ်ငန်းတွေကို ဦးစားပေးဖိတ်ခေါ်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ဒီနေ့အစည်းအဝေးမှာ အဲဒီကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက် မတည်ငွေရင်း ထပ်မံတိုးမြှင့်တာလည်း ပါဝင်တယ်လို့ သိရပါတယ်။
