၂၉. ၁၀. ၂၀၂၃
Written by Nay Moe

ဦးသိန်းစိန်အစိုးရလက်ထက်တုန်းက ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ ပြည်ထောင်စုဝန်ကြီးဟောင်းဦးရဲထွဋ် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ အတည်ပြုဆဲ ကနဦးသတင်းတွေအရ သိရပါတယ်။

“မနေ့ညက ဖမ်းသွားတာပါ” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။

ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တပ်မတော်မှာတာဝန်ယူဖူးတဲ့ ဦးရဲထွဋ်ဟာ ပြန်ကြားရေးဝန်ကြီးမဖြစ်ခင် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ပြန်ကြားရေးဒုဝန်ကြီးနဲ့ ဦးသိန်းစိန်အစိုးရပြောရေးဆိုခွင့်ရှိသူဖြစ်စဥ်ကတည်းက လူမှုကွန်ရက်မှာနာမည်ကြီးသူဖြစ်ပြီး သူရေးတဲ့ခရီးသွားဆောင်းပါးတွေက လူသိများခဲ့သလို NLD အစိုးရဟောင်းလက်ထက်မှာလည်း စင်ကာပူက ISEAS -Yusof Ishak Institute မှာ အကြီးတန်းသုတေသီအဖြစ် ၂၀၁၉ အကုန်ပိုင်းအထိ သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူဟာ ဦးသိန်းစိန်အစိုးရလက်ထက်မှာပဲ ဒုတိယဝန်ကြီးတာဝန်ယူထားချိန် USDP လွှတ်တော်ကို “ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား”လို့ ရေးသားခဲ့တဲ့ ဒေါက်တာဆိတ်ဖွားအဖြစ်လည်း စွပ်စွဲခံခဲ့ရလို့ လွှတ်တော်မှာ “ဒေါက်တာဆိတ်ဖွားကော်မရှင်ဖွဲ့ခဲ့ရတဲ့အထိဖြစ်ခဲ့ရပြီး ဦးရဲထွဋ်ကိုယ်တိုင်ကလည်း သတင်းမီဒီယာတွေကို သူက ဒေါက်တာဆိတ်ဖွားမဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

၂၀၂၁ နိုင်ငံရေးပဋိပက္ခဖြစ်စဥ်အပြီးမှာတော့ လူမှုကွန်ရက်မှာ သူရေးတဲ့စာတချို့ဟာ SAC အစိုးရအဖွဲ့ကို စဥ်ဆက်မပြတ်တိုက်ခိုက်တယ်လို့ ခံစားရသူတွေရှိတာကြောင့် NUG နဲ့ PDF ထောက်ခံသူတစ်ဦးအသွင် တချို့က မြင်ခဲ့ကြပါတယ်။

ဦးရဲထွဋ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ရန်ကုန် UG PDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Urban Owl က လုပ်ကြံလိုက်တဲ့ လုပ်ငန်းရှင်ဦးဉာဏ်လွင်အောင်ဆီမှာ လုပ်ကိုင်နေတဲ့ အငြိမ်းစား တပ်မတော်အရာရှိတစ်ဦးကို နာမည်၊ ရုံး၊ ဖုန်းနံပါတ်တွေအပြင် ဦးဥာဏ်လွင်အောင်လုပ်ကြံခံရတဲ့ ဖက်တီးမထမင်းကြော်ဆိုင်နေရာကို ရည်ညွှန်းပြီး Facebook မှာ Reply ပြန်ခဲ့တဲ့အတွက်ကြောင့် Urban Owl ကို လက်ထောက်ချသူအဖြစ် တချို့က စွပ်စွဲခဲ့ကြပါတယ်။

“သူရေးထားတဲ့ပို့စ်တွေထဲက ကနဦး လေးချက်နဲ့ ထိန်းသိမ်းစစ်ဆေးနေတာ။ ၅၀၅ (က) နဲ့လို့ သိရတယ်” လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဟာ “တပ်မတော်သားများက သို့တည်းမဟုတ် အစိုးရအရာထမ်းအမှုထမ်းများက အစိုးရ သို့တည်းမဟုတ် တပ်မတော်အပေါ်တွင် မေတ္တာပျက်စေရန် သော်လည်းကောင်း၊ စည်းကမ်းဖီဆန်ရန်သော်လည်းကောင်း၊ သစ္စာမဲ့ရန်သော်လည်းကောင်း ထိုသူတို့သစ္စာစောင့်ထိန်းမှု၊ စိတ်ဓာတ်တက်ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ လေ့ကျင့်မှု၊ သို့တည်းမဟုတ် ဝတ္တရား ဆောင်ရွက်မှုကို ယုတ်လျော့စေရန်၊ ထိခိုက်စေရန်၊ တားမြစ်စေရန်၊ အနှောင့်အယှက်ပြုစေရန်၊ ပျက်စီးစေရန် ကြံရွယ်လျက် တစ်ခုခုလုပ်လျှင်၊ သို့တည်းမဟုတ် ယင်းသို့ဖြစ်စေတန်ရာသည့် အကြောင်း ရှိလျှင်”လို့ ပြဌာန်းထားပြီး ထောင်ဒဏ်သုံးနှစ်အပြင် ငွေဒဏ်ပါချမှတ်နိုင်တဲ့ ဥပဒေဖြစ်ပါတယ်။

ဦးရဲထွဋ် ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတာကို တယ်လီဂရန်သတင်းတချို့မှာလည်း ရေးသားနေသလို MT News သတင်းဌာနအနေနဲ့လည်းဦးရဲထွဋ်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတဲ့ သတင်းဖြစ်စဥ်မှန်ကန်မှု ရှိ မရှိ ဦးရဲထွဋ်ကို ဆက်သွယ်မေးမြန်းတာ၊ နီးစပ်သူတွေကို အတည်ပြုစစ်ဆေးတာတွေ ဆက်လက်လုပ်ကိုင်နေပြီး SAC ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ကိုလည်း အတည်ပြုမေးမြန်းထားသလို အသေးစိတ်သိရှိရတာတွေကို ဆက်လက်ဖော်ပြပေးမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *