၂၆. ၁၀. ၂၀၂၃
Written by Pan Ei

Facebook နဲ့ Instagram လူမှုမီဒီယာပလက်ဖောင်းတွေမှာ ပါဝင်တဲ့ အင်္ဂါရပ်တွေဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်လူငယ်တွေကို စွဲလမ်းစေကာ စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ဆိုပြီး ရှေ့နေချုပ် ၄၂ ယောက်က အဆိုပါ လူမှုမီဒီယာပလက်ဖောင်းတွေရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Meta ကို တရားစွဲဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ကယ်လီဖိုးနီးယားနဲ့ နယူးယောက်ခ်အပါအဝင် ပြည်နယ် ၃၃ ခုက ရှေ့နေချုပ် ၄၂ ယောက်ဟာ Facebook နဲ့ Instagram တို့က အန္တရာယ်များပြီး လူတွေကို ထပ်ခါတလည်းလည်း လှည့်စားကာ ငယ်ရွယ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေကို စွဲလမ်းမှုကို ဖြစ်စေတယ်လို့ဆိုကာ တရားစွဲခဲ့ကြတာဖြစ်ပါတယ်။

လူငယ်တွေဟာ စီးပွားရေးလုပ်ငန်းတွေအတွက် ဆွဲဆောင်မှုရှိတဲ့ လူဦးရေစာရင်းဖြစ်ခဲ့တာဟာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး Meta အတွက်ဆိုလည်း ငယ်ရွယ်တဲ့ သုံးစွဲသူတွေက ကြီးပြင်းလာတာနဲ့အမျှ သူတို့ရဲ့ ထုတ်ကုန်တွေကို ဆက်လက်ဝယ်ယူစေနိုင်မယ်လို့ မျှော်လင့်တဲ့ ကြော်ငြာရှင်တွေအတွက်လည်း ပိုမိုသေချာနေစေခဲ့ပါတယ်။ ဒါပေမဲ့ သုတေသနမှတ်တမ်းတွေအရ လူငယ်တွေဟာ Meta ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကို သုံးစွဲအပြီးမှာ “စိတ်ကျရောဂါခံစားရတာ၊ စိုးရိမ်စိတ်များလာတာ၊ အိပ်မပျော်တာ၊ ပညာရေးနဲ့ နေ့စဉ်ဘဝမှာ အနှောင့်အယှက်တွေဖြစ်စေပြီး တခြားအနှုတ်လက္ခဏာရလဒ်တွေ ဖြစ်ပေါ်စေတာ”တွေကို ဆက်စပ်ခံစားနေရတယ်လို့ ရှေ့နေချုပ်တွေက ပြောကြားခဲ့ပါတယ်။

Meta ဟာ သူ့ရဲ့အင်္ဂါရပ်တွေက ငယ်ရွယ်တဲ့ သုံးစွဲသူတွေအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်တယ်ဆိုတာကို ကောင်းစွာ သဘောပေါက်ခဲ့တယ်လို့ တရားစွဲသူ ရှေ့နေချုပ်တွေက စွပ်စွဲထားပြီး တရားစွဲဆိုမှုဟာ ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေကို အွန်လိုင်းအန္တရာယ်ကနေ ကာကွယ်ဖို့အတွက် ဦးစားပေးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Meta ကတော့ တရားစွဲမှုကို စိတ်ပျက်မိကြောင်း ပြောကြားခဲ့သလို ခုလို တရားစွဲမှုတွေကြောင့် Metaရဲ့ ရှယ်ယာတွေဟာ Nasdaq မှာ သုည ဒသမ ခြောက်ရာခိုင်နှုန်းလောက် ကျဆင်းသွားခဲ့ပါတယ်။ တခြားသော လူမှုမီဒီယာ ပလက်ဖောင်းတွေဖြစ်တဲ့ Tik Tok နဲ့ Google ရဲ့ YouTube တို့ဟာလည်း ဆိုရှယ်မီဒီယာကို စွဲလမ်းမှုနှင့်ပတ်သက်ပြီး ရာနဲ့ချီတဲ့ တရားစွဲဆိုမှုတွေကို ရင်ဆိုင်နေရပါတယ်။

Ref; CNBC, Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News