ငမိုးရိပ် ရေထိန်းတံခါးကို တာဝန်ရှိသူများ ယနေ့စစ်ဆေးစဥ်
၁၄. ၁၀. ၂၀၂၃
Written by Peya
ငမိုးရိပ် ရေလှောင်တမံသည် အများပြည်သူ စိတ်ပူပန်နေရသည့် အနေအထား မရှိသကဲ့သို့ ရေကို ဖောက်ချရန်လည်း ဆောင်ရွက်ရန် မရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်အသိပေးထားသည်။
ငမိုးရိပ်ရေလှောင်တမံသည် စက်တင်ဘာ ၅ ရက်က စကာ ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာဏထက် ရေဝင်ရောက်မှု ဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်းအတွင်း ပြန်လည် စီးဆင်းခဲ့ပြီး ထိုသို့ စီးဆင်းနေရာ အောက်တိုဘာ ၆ ရက်မှ ၁၁ ရက် အထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ရေလှောင်တမံ၏ အောက်ဘက်ဧရိယာများတွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ကာ စုစုပေါင်း မိုးရေချိန် ၁၄ ဒဿမ ၉၀ လက်မအထိ ထူးကဲစွာ ရွာသွန်းခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ရေပိုလွှဲတွင် ပုံမှန် ရေကျော် စီးဆင်းနေရာမှ အောက်တိုဘာ ၈ ရက် ညပိုင်း ၉ နာရီတွင် ၆ ဒဿမ ၁ ပေအထိ အမြင့်ဆုံး ရောက်ကာ ရေကျော်စီးဆင်းခဲ့ပြီး အဆိုပါ ရေများသည် မူလငမိုးရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများ ရက်ဆက် ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်းရေများ စုဝင်လာသောကြောင့် ငမိုးရိပ်ချောင်း ရေမြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တမံတွင် ၂၀၀၇ ခုနှစ်က ရေပိုလွှဲမှ ၆ ဒသမ ၁၅ ပေ ကျော်လွန်စီးဆင်းခဲ့ဖူးပြီး အောက်တိုဘာ ၁၃ ရက်တွင် ၄ ဒဿမ ၇၅ ပေသာ ကျော်လွန်စီးဆင်းခဲ့ကာ ရေအမှတ်များလည်း ဆက်တိုက်လျော့ကျလာနေပြီး လက်ရှိတွင် ရေလှောင်တမံပေါ် ရေကျော်နိုင်သည့် အခြေအနေ မရှိသကဲ့သို့ တမံ ကြံ့ခိုင်မှုမှာလည်း လုံခြုံစိတ်ချရသည့် အခြေအနေဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူ စိုးရိမ်ပူပန်နေရသည့် အနေအထားမရှိကြောင်းနှင့် ရေလှောင်တမံတွင် ရေဖောက်ချရမည့် နေရာ၊ အဆောက်အအုံ မပါရှိခြင်း၊ ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်း မရှိခြင်း၊ ဆောင်ရွက်ရန်လည်း မရှိခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းရေသည် ထပ်မံ မြင့်တက်လာရန်လည်း မရှိကြောင်း ဖော်ပြထားသည်။
ပုံစာ။ ငမိုးရိပ် ရေထိန်းတံခါးကို တာဝန်ရှိသူများ ယနေ့စစ်ဆေးစဥ်




