ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးမှုကြောင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်မှုကို တွေ့ရစဉ်
၁၄. ၁၀. ၂၀၂၃
Written by Ye Kyaw
ဝယ်ယူထားရှိသည့် အရန်ဆန်အိတ်ငါးသိန်းကို သဘာဝဘေးအန္တရာယ်ကျရောက်နေသည့် ဒေသများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။
အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီ၏ ဒုတိယအကြိမ်ဝယ်ယူထားရှိသည့် အရန်ဆန်တန်ချိန် (၂၅,၀၀၀) ၊ အိတ်ငါးသိန်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၃ ရက်တွင် ပြုလုပ်ခဲ့သည်။အစည်းအဝေးတွင် အရန်ဆန်များကို စနစ်တကျသိုလှောင်ရန်၊ ပျက်စီးဆုံးရှုံးမှုမရှိစေရန်၊ သင်္ဘောပေါ် တင်ပို့ရန် ပြင်ဆင်ချိန်ရရှိစေရန်၊ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်တို့နှင့်စပ်လျဥ်း၍
ဆွေးနွေးခဲ့ကြသည်။
အရန်ဆန်အိတ်ငါးသိန်းကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီအစဉ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများကို ဆက်လက် ပို့ဆောင်မည်ဖြစ်သည်။
ပြီးခဲ့သည့် မေလအတွင်း အရန်ဆန်အိတ်နှစ်သိန်းကို ပထမအကြိမ်အဖြစ် သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများကို ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
အထက်ပါအစည်းအဝေးသို့ အရန်ဆန်ဝယ်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သန်း၊ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
