၈. ၁၀. ၂၀၂၃

Written by Nay Aung

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ဒုတိယအများဆုံးဖြစ်နေမည်ဖြစ်ကြောင်း အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်(ADB) ၏ နောက်ဆုံးခန့်မှန်းဖော်ပြချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် လာမည့် ၂၀၂၄ နှစ်တွင် ၂၀၂၃ ခုနှစ်၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် နှိုင်းယှဉ်ပါက ကျဆင်းမှုများရှိနေမည်ဖြစ်ကြောင်း ADB ဘဏ်က ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းရှိနေသော်လည်း ၂၀၂၄ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းက ၈ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ADB ဘဏ်က ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၂၂ ခုနှစ်နောက်ပိုင်းတည်းက တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်း ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း

သိရသည်။ ၂၀၂၄ ခုနှစ်တွင် အာဆီယံဒေသတွင်းနိုင်ငံများအနက် လာအိုနိုင်ငံက ငွေကြေးဖောင်းပွမှုနှုန်းအမြင့်ဆုံးရှိနေမည်ဖြစ်ပြီး လာအိုနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းက ၁၀ ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း ADB ဘဏ်ကဆိုသည်။ လာအိုနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင်လည်း အာဆီယံဒေသတွင်းနိုင်ငံများအနက် ငွေကြေးဖောင်းပွမှုအမြင့်ဆုံးနိုင်ငံအဖြစ် ထိပ်ဆုံးတွင်ရပ်တည်နေကြောင်းသိရသည်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၃ ဒသမ၂ ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ဒုတိယအနည်းဆုံးဖြစ်ဖွယ်ရှိနေကြောင်း ADB ဘဏ်က ခန့်မှန်းသုံးသပ်ထားသည်။မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ်တွင်၂ ဒသမ ၈ ရာခိုင်နှုန်းရှိနေပြီး အာဆီယံဒေသတွင်းနိုင်ငံများထဲတွင် ဒုတိယအနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နေကြောင်းသိရသည်။မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ၂၀၂၃ ခုနှစ်ထက်အနည်းငယ် မြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။

Ref; ADB

Leave a Reply

Your email address will not be published. Required fields are marked *