၁၀. ၁၀. ၂၀၂၃
Written by Peya

မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ဇလပ်ထော်ရေလှောင်တမံမှ ဆည်ရေကို အနည်းငယ် ဖောက်ထုတ်မည်ဖြစ်ပြီး အဆိုပါ တမံနှင့် ပတ်သက်သော သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက ယနေ့ အောက်တိုဘာ ၁၀ ရက်တွင် သတင်းရရှိသည်။

ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ဇလပ်ထော်‌ရေလှောင်တမံရှိ Spill Way ရေကျော်၍ ပေ(၅၀)ခန့် ပျက်ဆီးခဲ့သဖြင့် အဆိုပါဆည်ရေအား အရှိန်လျှော့ချနိုင်ရေး ဇလပ်ထော်ချောင်းအတွင်းသို့ ရေအနည်းငယ် ဖောက်ထုတ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

ထိုသို့ ဆောင်ရွက်မည် ဖြစ်သောကြောင့် တမံအောက်ကျေးရွာများဖြစ်သည့် သာယာအေးကျေးရွာ၊ လက်ပံဝင်းကျေးရွာ၊ ဘူးလယ်အင်းကျေးရွာ၊ လသာကုန်းကျေးရွာများသို့ ဆည်ရေများဝင်ရောက်နိုင်မည်ဖြစ်ကာ အဆိုပါတမံ၏ Spill Way ပြင်ဆင်ခြင်းနှင့် ရေဖောက်ထုတ်ခြင်းများအား ဆည်မြောင်းပညာရှင် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။

ပြည်သူများ စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန်၊ ကောလဟာလ သတင်းအမှားများအား မယုံကြည်ကြရန်နှင့် ဇလပ်ထော်တမံနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်းက ဇလပ်ထော်ရေလှောင်တမံ Spill Way ရေကျော်ပျက်စီးခဲ့မှုအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ရေပိုလွှဲဘောင်များ ထပ်မံတိုက်စားပျက်စီးမှုမရှိစေရေးနှင့် ရေတိုက်စားမှု ရေအားအရှိန် လျှော့ချနိုင်ရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *