၁၁ .၁၀. ၂၀၂၃
Written by Hey Mar

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ပေါ်က စံချိန်တင်ရေကြီးရေလျှံမှု ဖြစ်စဥ်မှာ လမ်းပေါ်နေ အိမ်ခြေရာမဲ့အမျိုးသားတစ်ဦး ရေမျောပါသေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံက သိရပါတယ်။

သေဆုံးခဲ့တဲ့ အမျိုးသားက အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီးရေနဲ့မျောပါနေတာကို တွေ့တဲ့ ပြည်သူတချို့က လူမှုကူညီရေးအသင်းတွေကို အကူအညီတောင်း သတင်းပေးကြတာပါ။

ပဲခူးဒေသခံတစ်ဦးဖြစ်သူ ဦးသန်းအောင်က “ဆိုရှယ်လစ် ၁၂ နဲ့ ၁၃ ကြားမှာ အလောင်းမျောနေတယ်ဆိုပြီး ဖုန်းသတင်းရလို့ သွားရှာကြတော့ ရေစီးအတိုင်း လိုက်ရာက ၁၅ လမ်းနားမှာ တွေ့တယ်။ ပဲခူးက ရေပတ်လည်ဝိုင်းနေတာ။ ရေထဲက ဆွဲတင်ပြီးရင်လည်း အဲ့ဒီအလောင်းက ဘယ်နားထားရမှန်း မသိဘူး။ မြို့ရဲ့ ဆင်ဖြူကွင်း သုဿာန်လည်း ရေဝိုင်းနေတယ်။ ကုန်းပေါ်ကျတော့လည်း ဘယ်နားမြှုပ်ရမှန်း မသိဘူး။ ရန်ကုန်က အဖွဲ့တွေတော့ လှေပေါ်တင် ဆွဲသွားတယ်” လို့ ရုပ်အလောင်းနဲ့ ပတ်သက်လို့ သေရေးခက်ရပုံကို MT News ကို ပြောပါတယ်။

ရုပ်အလောင်းကို ရန်ကုန်အခြေစိုက် ဝန်းရံမှူး လူမှုကူညီရေးအသင်းက ရေထဲကနေ ဆယ်ယူကာ ပဲခူးဆေးရုံကြီးဆီ ပို့ဆောင်ဖို့ သယ်ယူသွားပေမယ့် ဆေးရုံကြီး ရင်ခွဲရုံလည်း ရေနစ်မြှုပ်နေတာကြောင့် ဘယ်လို ဆက်လက်လုပ်ဆောင်ရမယ် မသိရှိသေးကြောင်း၊ တာဝန်ရှိသူတွေဆီ ဆက်လက်လွှဲပြောင်းခဲ့ကြောင်းသာ နောက်ဆုံးအခြေအနေကို သိရှိရပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *