လစာများကို မည်ကဲ့သို့ တိုးမြှင့်ထောက်ပံ့ပေးမည်ကို နောက်တစ်ပတ်မှ ဆုံးဖြတ်နိုင်မည်ဟု သိရ

၇. ၁၀. ၂၀၂၃
Written by Nyein Kyaw

အောက်တိုဘာ ၁ ရက်မှစတင်ပြီး ပြည်တွင်းရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအတွက် တစ်ရက်လုပ်ခ ကျပ် ၅,၈၀၀ နှုန်းဖြင့် ပြင်ဆင်သတ်မှတ်လိုက်ကြောင်း အလုပ်သမားဝန်ကြီးဌာန၊ အနည်းဆုံးလုပ်ခကြေးငွေ သတ်မှတ်‌ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အောက်တိုဘာ ၅ ရက်တွင် ထုတ်ပြန်ထားသည့်ညွှန်ကြားချက် လူမှုကွန်ရက်တွင် ယနေ့ပျံ့နှံလာသည်ကို တွေ့ရသည်။

ထိုညွှန်ကြားချက်တွင် အနည်းဆုံးအခကြေးငွေနှုန်းထားကို ၂၀၁၃ ခုနှစ်၊ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ဃ) နှင့်အညီ သုံးပွင့်ဆိုင်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်၍ ဆုံးဖြတ်ခဲ့သည့် “မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ၆၀၀ ကျပ် (‌ခြောက်ရာကျပ်) နှုန်းဖြင့် အလုပ်လုပ်ချိန် ၈ နာရီ (တစ်ရက်)အတွက် ၄,၈၀၀ (လေးထောင့်ရှစ်ရှာကျပ်)” ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် အမျိုးသားကော်မတီမှ ၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၁၈) ဖြင့် ထုတ်ပြန်သတ်မှတ်ခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမား၏ လုပ်ခကို “အလုပ်ချိန် တစ်နေ့ ၈ နာရီ အတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ (ကျပ်တစ်ထောင်တိတိ)ကို ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် နေ့စားလုပ်သမားများအား နေ့စဉ်လုပ်ခ ကျပ် ၅,၈၀၀ (ကျပ်ငါး‌ထောင့်ရှစ်ရာတိတိ)ကို ခွင့်ပြုရန်ဖြစ်ပါသည်” ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာအမှတ် (၇၀/၂၀၂၃) ဖြင့် ထုတ်ပြန်သတ်မှတ်ပြီးဖြစ်သည်ဟုလည်း ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမားများအား ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ အနည်းဆုံးအခကြေးငွေကို မူလသတ်မှတ်ထားသော အလုပ်ချိန် ၈ နာရီ(တစ်ရက်)အတွက် ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ)အပေါ် အပိုထောက်ပံ့ကြေး ကျပ် ၁,၀၀၀ (ကျပ်တစ်ထာင်တိတိ)နှုန်း ထပ်မံခံစားခွင့်ပြုရန်ဖြစ်သဖြင့် ကျပ် ၅,၈၀၀ (ကျပ်ငါးထောင့်ရှစ်ရာတိတိ) ဖြစ်ကြောင်း သတ်မှတ်လိုက်သည်ဟု ဖော်ပြထားသည်။

ထိုညွှန်ကြားချက်အပေါ် MT News သတင်းဌာနက တာဝန်ရှိသူများထံအတည်ပြုရာ လတ်တလောတွင် အတည်ပြုမပေးသဖြင့် မသိရှိရသေးသော်လည်း ယင်းတိုးမြှင့်မှုမှာ မှန်ကန်သည်ဟုလည်း အထည်ချုပ်လုပ်ငန်းရှင်အချို့က အတည်ပြုသည်။

သို့သော် အနည်းဆုံးအခကြေးငွေ ဥပဒေအရ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သများများ သုံးပွင့်ဆိုင်ဆွေးနွေးပြီးမှသာ အနည်းဆုံးအခကြေးငွေကို သတ်မှတ်နိုင်မည်ဖြစ်ပြီး လက်ရှိတွင် ယင်းကဲ့သို့ မဆောင်ရွက်နိုင်သေးသည့်အတွက် အစိုးရဘက်မှ ထောက်ပံ့ကြေးငွေအဖြစ်သာ သတ်မှတ်ပြီး ထုတ်ပြန်ခြင်းဖြစ်သည်။ ထို့ကြောင့် ထောက်ပံ့ကြေးကဏ္ဍအောက်တွင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ဆိုသည့် အသေးစိတ်ကိုမူ လာမည့်အပတ်တွင်းမှ ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။

“ပြောချင်တာက ထောက်ပံ့ကြေးဆိုတာကိုတော့ သိပြီ။အသေးစိတ် ဘယ်လိုခွဲကြမယ်၊ ပြုကြမယ်ဆိုတာတော့ မသိသေးဘူး။ အဲဒါတွေက နောက်တစ်ပတ်ထဲဆို သိရမှာ။ ဒါက အခကြေးငွေ ကြေညာတဲ့ပုံစံနဲ့မတူဘူးဆိုတာတော့ မှတ်ထားပေးပါ။ ပုံမှန်နဲ့မတူတဲ့အတွက် နောက်တစ်ပတ်ထဲမှာ နောက်ထပ် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ၊ ဘယ်လိုအသုံးချမယ်ဆိုတာတွေက အနောက်ကနေလာမယ်။ သုံးပွင့်ဆိုင်ကလည်း လုပ်လို့မရဘူးလေ။ အခြေအနေတွေက အဲဒီလိုကြောင့် အနည်းဆုံးအခကြေးငွေကလည်း သုံးပွင့်ဆိုင်နဲ့ လုပ်ပြီးမှ ဆွေးနွေးပြီးမှ အတည်ပြုရတာကိုး။ အခုက အစိုးရကပဲ ခွင့်ပြုချင်တဲ့ဟာဖြစ်တဲ့အတွက် အစိုးရက ထောက်ပံ့ကြေးဆိုတာပဲ လုပ်ရတာပေါ့။ ဥပဒေက သုံးပွင့်ဆိုင်လုပ်ရမယ်လို့ ပြောထားတဲ့အတွက် သုံးပွင့်က မဆိုင်နိုင်ဘူး။ သုံးပွင့်မဆိုင်နိုင်တော့ ထောက်ပံ့ကြေးခေါင်းစဉ်ကပဲ သွားနေရတာ” ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကိုထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပိုထောက်ပံ့ကြေးအဖြစ် ကျပ် ၃၀,၀၀၀ ခံစားခွင့်ပြုမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စက်တင်ဘာလ ၃၀ ရက်တွင် အတည်ပြုကြေညာလိုက်သည်။

အလားတူ အစိုးရဌာနများနှင့် အဖွဲအစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် လက်ရှိသတ်မှတ်ထားသော လုပ်ခ ကျပ် ၄,၈၀၀ (ကျပ်လေးထောင့်ရှစ်ရာတိတိ) အပေါ်တွင် အပိုထောက်ပံ့ကြေးအဖြစ် ၁၀၀၀ (တစ်ထောင်ကျပ်တိတိ) ထပ်မံခံစားခွင့်ပြုသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ ထိုသို့ ညွှန်ကြားအပြီး လက်ရှိတွင် CMP လုပ်သားများကို ကျပ် ၁၀၀၀ ထောက်ပံ့ကြေး တိုးမြှင့် သတ်မှတ်ပေးရန် ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ညွှန်ကြားချက် နောက်ဆက်တွဲအပေါ် MT News သတင်းဌာနက တာဝန်ရှိသူများ၏ အတည်ပြုဖြေကြားချက်နှင့် အခြားသောကဏ္ဍများနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းနေပြီး အသေးစိတ်သိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *