၇. ၁၀. ၂၀၂၃
Written by Thettant
ရန်ကုန်- မန္တလေးလမ်းဟောင်းတွင် ၁၂ ဘီးယာဥ်နှင့် ဆိုင်ကယ်တိုက်မိရာမှ ကားမီးလောင်ပြီး ဆိုင်ကယ်စီးလာသူနှစ်ဦးအနက် အမျိုးသမီးတစ်ဦးစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ အောက်တိုဘာ ၆ ရက် ည ၇ နာရီ ၄၀ ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဝမ်းဘဲအင်းကျေးရွာ ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၄၉/၃)နှင့် (၄၉/၄)ကြားတွင် Nissan Diesel အဖြူရောင်(၁၂ဘီး)ယာဉ်သည် Zeniz 125 အပြာရောင်ဆိုင်ကယ်ဖြင့်တိုက်မိရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုယာဥ်တိုက်မိမှုကြောင့် ၁၂ ဘီးယာဥ်မီးလောင်ဆုံးရှုံးခဲ့ရသလို ဆိုင်ကယ်စီးသူနှစ်ဦးအနက် နောက်မှထိုင်လိုက်လာသူ အမျိုးသမီးမှာလည်း ယာဥ်တိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ဘုရားကြီးလူငယ် ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
အဆိုပါဖြစ်စဥ်ကို ဘုရားကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပျဉ်ပုံကြီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးလူငယ် ပရဟိတအသင်း စသဖြင့် တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ- ဘုရားကြီးလူငယ် ပရဟိတအသင်း & Ko Zaw