ဓာတ်ပုံ- မော်ဝ်ပေး

၃.၁၀.၂၀၂၃
Written by Hey Mar

မြန်မာ့ခရီးသွားရာသီ ၂၀၂၃- ၂၀၂၄ ခုနစ်ရဲ့ ခရီးသွားရာသီအစမှာတော့ ခရီးသွားပြည်သူတွေကို အဆွဲဆောင်နိုင်ဆုံးဒေသတွေထဲကတစ်ခုဖြစ်တဲ့ ရှမ်းပြည်နယ်ရဲ့တောင်ကြီး၊ အင်းလေး၊ ပင်းတယ၊ ရွာငံ၊ ကလောခရီးစဥ်တွေ ခပ်သွက်သွက် ပြန် လည်စတင် လည်ပတ်နေပြီလို့ အဆိုပါဒေသတွေရဲ့ ခရီးသွားလုပ်ငန်းရှင်တချို့က ပြောပါတယ်။

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကစပြီး တန့်သွားတဲ့ ခရီးသွားလုပ်ငန်းဟာ ၂၀၂၂ ခုနှစ်မှာ ပြည်တွင်းခရီးသွားတွေနဲ့ လည် ပတ်စပြုခဲ့ပေမယ့် အသက်ဝင်မှုနည်းပါးခဲ့ပြီး အခု ၂၀၂၃- ၂၀၂၄ ခရီးသွားရာသီကိုတော့ ၉၀ ရာခိုင်နှုန်းပြန်ကောင်းနိုင်တယ်လို့ ခန့်မှန်းနေကြတာပါ။

“ကုန်စျေးနှုန်းကြီးမြင့်မှုတွေ စီးပွားရေးအကျပ်တည်းတွေနဲ့အတူ ပြည်ပခရီးသွားဧည့်သည် မျှော်လင့်ချက်နည်းပါးနေပေမယ့် ၉၀ ရာခိုင်နှုန်း ကောင်းနိုင်တယ်လို့ ကျွန်တော်တော့ မှတ်ချက်ပြုတယ်။ ဒီလအတွက် ကျွန်တော်လက်ခံထားတဲ့ အဖွဲ့ ၁၁ ဖွဲ့ရှိပြီ။ အားတက်စရာက ပွဲတော်တွေ ပြန်လုပ်တယ်။ အင်းလေးဖောင်တော်ဦး၊ တောင်ကြီးတန်ဆောင်တိုင် အခု အောက်တို ဘာနဲ့ ရှေ့လ နိုဝင်ဘာမှာ ရှိမယ်။ ကျွန်တော်တို့ဘက်ကတော့ ဘတ်ဂျက်ခရီးစဥ်ဖြစ်အောင် အတတ်နိုင်ဆုံး ဆွဲရတာပေါ့။ ကုန်စျေးနှုန်းတွေက တက်နေတဲ့ကြားက စျေးပို လျှော့ချနိုင်အောင် အတတ်နိုင်ဆုံးလုပ်ရတယ်။ အရင်က ငါးဦးပါ တစ်ဖွဲ့ကို ကျပ် ၆ သိန်းဝန်းကျင်ကနေ အခု ကျပ် ၅ သိန်းစွန်းစွန်းပေါ့။ လည်ပတ်စရာနေရာ အတော်များများလည်း ပြန်ဖွင့်ပါပြီ”လို့ တောင်ကြီး အခြေစိုက် မောဝ်ပေးခရီးသွားသီးသန့် ကားအငှားဝန်ဆောင်မှုလုပ်ငန်းမှ ကိုအောင်မျိုးထွန်းက ဆိုပါတယ်။

ပြည်ပခရီးသွားဧည့်သည်နဲ့ ပတ်သက်လို့ တာဝန်ယူမှု တာဝန်ခံမှု ပိုကြီးလို့ ပြည်တွင်းခရီးသွားဧည့်သည်တွေကို ပိုအားထားနေပြီး အရင်နှစ် အောက်တိုဘာလ ခရီးသွားရာသီထက် အခုနှစ်က ပိုသွက်တယ်လို့ ကလောအခြေစိုက် ခြေလျင်တောင်တက် ခရီးသွားဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်နေပြီး ဓာတ်ပုံရိုက်ကူးတဲ့ဝန်ဆောင်မှုပေးနေတဲ့ စိုင်းရှန်က ဆိုပါတယ်။

“အခုက ခေတ်ကာလအရ နိုင်ငံခြားသားပါရင် ဝင်ရထွက်ရခက်တယ်။ မေးမြန်းပြောဆိုနေရတော့။ အဲဒီဘက်အပိုင်း တာဝန်ယူမှုကြီးလို့ နောက်ပြီး ဘတ်ဂျက်များများသုံးနိုင်တဲ့ ဧည့်သည်က ကလောကို ပျင်းကြတယ်။ သူက အေးဆေး ဓာတ်ပုံရိုက်မယ်။ အနားယူမယ်။ တောင်တက်မယ် ဒါမျိုးသွားရတာ။ လည်ချင်တဲ့ ခရီးသည်အတွက်က ၂ ရက်ဆို ပျင်းသွားရော။ အခု ကျွန်တော်လက်ခံထားရတာက ဟန်းနီးမွန်းထွက်လာမယ့် စုံတွဲတွေ၊ ဘတ်ဂျက် ခရီးစဥ်နဲ့ လာလည်ကြမယ့် သမီးရည်စားစုံတွဲတွေ၊ သူငယ်ချင်းတွေ များတယ်။ လူငယ်တွေများတယ်။ မနှစ်က ဒီလို အချိန်ထက် အခုနှစ် ပိုအဆင်ပြေတာပေါ့”လို့ ပြောပါတယ်။

လက်ရှိမှာ ခရီးသွားကဏ္ဍ ပိုမိုတိုးတက်ရေးအတွက်ရုရှား-မြန်မာခရီးသွားကဏ္ဍ မြှင့်တင်ရေးကို အစိုးရက ဆောင်ရွက်နေပြီး ၂၀၂၃ – ၂၀၂၄ ခရီးသွားရာသီအတွက် ၂၀၂၃ နှစ်ကုန်ပိုင်း ပွင့်လင်းရာသီမှာတော့ ပြည်ပဧည့်အဝင်မျှော်မှန်းချက်ထက် ပြည်တွင်းခရီးသွားကိုသာ အားထားရနိုင်ပြီး လာမယ့် ၂၀၂၄ နှစ်ဆန်းကနေ ရာသီနောက်ဆုံးလအဖြစ်သတ်မှတ်တဲ့ မေလမှာတော့ နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ ပြန်လည်ဝင်ရောက်လာနိုင်ဖို့ ခရီးသွားလုပ်ငန်းဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်းနယ်ပယ်ကသူတချို့က မျှော်လင့်ကြပါတယ်။

“အရင်က ပြည်ပခရီးသွားဆို ဥရောပဘက်က ပြင်သစ်များတယ်။ ထိုင်းဘက်ကနေ ဒီကို တဆက်တည်းဝင်တာပေါ့။ ရန်ကုန်မှာ လည်ပတ်ပြီးရင် မန္တလေးကိုလာ။ မန္တလေးကနေ ရှမ်းပြည်ကိုတက်ကြတယ်။ အခု နှစ်ကတော့ ပြည်ပထက် ကျွန်တော်တို့ ပြည်တွင်းပဲ အားထားရဦးမယ်။ ဟိုတယ်လုပ်ငန်းတွေလည်း နယ်ဘက်တော့ မိုတယ်၊ ဟိုတယ် အသေးစားလေးတွေ အလုပ်ဖြစ်နိုင်ပါတယ်”လို့ ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက MT News ကို ပြောပါတယ်။

ဓာတ်ပုံ- မော်ဝ်ပေး

Leave a Reply

Your email address will not be published. Required fields are marked *