ပဲခူးမြိုတွင် ဩဂုတ်လ အတွင်းက ရေကြီးခဲ့သည့် မြင်ကွင်း

၂.၁၀.၂၀၂၃
Written by Peya

မိုးရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ကပ်နိုင်သော်လည်း စိုးရိမ်ရန်မရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှထွန်းက MT News သတင်းဌာနသို့ ပြောသည်။

ယနေ့ အောက်တိုဘာလ ၂ ရက် နံနက်ပိုင်း ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေကျော်တွင် ရှိနေပြီး လာမည့်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားကာ ယခုနှစ်မိုးရာသီတွင် ရေကြီးရေလျှံမှုကြောင့် ပဲခူးမြို့နယ်တွင် ရေ ဘေးသင့် အိမ်ထောင်စုများကို ရွှေ့ပြောင်းမှုများ လုပ်ခဲ့ရသေးသည်။

“ဒါက လောလောဆယ် မိုးများလို့ ဖြစ်တာ။ နောက်ပိုင်းမှာ မိုးကပြန်လျော့သွားမယ့် အလားအလာရှိတော့ စိုးရိမ်ရေမှတ်နား ကပ်ချင်လည်း ကပ်သွားနိုင်တယ်။ ဒါပေမယ့်လည်း ကျန်တာကတော့ ဒီလောက် စိုးရိမ်စရာမရှိပါဘူး” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် မြစ်ဝကျွန်းပေါ် ဒေသ၌ နေ့စဉ်ရက်ဆက်မိုးရွာနေပြီး မြန်မာနိုင်ငံကို ဖြတ်သန်းခဲ့သည့် လေဖိအားနည်းဆဲလ်မှာ လေဖိအားနည်း ရပ်ဝန်းအဖြစ် အိန္ဒိယနိုင်ငံဘက် ရောက်သွားပြီဖြစ်သောကြောင့် မိုးပါးသွားမည့်သဘောရှိကြောင်းလည်း ဦးလှထွန်းက ဆိုသည်။

“ဒီရက်ပိုင်းမှာ မိုးရွာသွန်းမှုများလို့ ရေက တက်လာတာပါ။ ပဲခူးမြစ်ဆိုတာကလည်း ဒီရေ အတက်အကျနဲ့ ဆိုင်တယ်။ ဒီရေ အကျိုးသက်ရောက်မှု ရှိနေတာပါ” ဟု ၎င်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *