MT News
Written by Nyein Kyaw
မြန်မာနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ပြီး အလားတူကာလနှင့်နှိုင်းယှဉ်ပါက ခြောက်ဆတိုးတက်လာခဲ့ကြောင်း၊ မကြာမီကာလတွင် ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိလာနိုင်မည်ဟု ယုံကြည်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က နေပြည်တော်တွင် ယမန်နေ့ကပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်မှစတင်ကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်စသည့် နိုင်ငံတကာဝင်ပေါက်အသီးသီမှ နိုင်ငံတကာခရီးသွား စုစုပေါင်းနှစ်သိန်းကျော် ဝင်ရောက်ခဲ့၍ ၂၀၂၁ ခုနှစ်ထက် ၄၃ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်ကိုတွေ့ရကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ပြည်ပခရီးသွား တစ်သိန်းကျော်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသည်ရောက်ရှိမှု ပိုမိုတိုးတက်များပြားလာမည့်အပြင် မကြာတော့သည့်ကာလတစ်ခု၌ ခရီးသွားလုပ်ငန်းသည် ကိုဗစ်-၁၉ မတိုင်မီကာလအခြေအနေကို ပြန်လည်ရောက်ရှိနိုင်မည်ဟု ယုံကြည်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။


