Denko ဆီဆိုင်နှင့် ခရီးသည်တင်ယာဥ် မီလောင်မှု မြင်ကွင်း (Photo- Credit
MT News
Written by Nay Moe၊ Hey Mar
ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ မယ်ဟန်အုပ်စု၊ နမ့်ခိုက်ကျေးရွာ လားရှိူး-မန္တလေးသွားကားလမ်းပေါ်ရှိ DENKO ဆီဆိုင်တွင် မီးလောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဆီလာရောက်ဖြည့်သည့် ခရီးသည်တင်ယာဉ်အား မီးလောင်ကျွမ်းမှုကူးစက်ဖြစ်ပွားခဲ့ရာမှ လူထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
အဆိုပါဖြစ်စဥ်မှာ ယမန်နေ့ညနေ ၄ နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆီဖြည့်စဥ်ရပ်နားထားသည့် ခရီးသည်တင်ယာဥ်ပေါ်မှ ခရီးသည်များ ထိခိုက်ခဲ့ခြင်းဖြစ်ကာ လားရှိုးခရိုင်/မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက အချိန်တစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရသည်ဟုလည်း သိရသည်။
“ဆိုင်ကယ်က ပေါက်ကွဲတာလား။ ဆီပန့်ကပေါက်ကွဲတာလား။ ချိန်ကိုက်မိုင်းဆင်ခံရတာလား ကျွန်တော်တို့သေချာမသိပါဘူး။ ဆီဆိုင်မီးလောင်လို့ ခရီးသည်ယာဥ်လည်းမီးလောင်လို့ လူနာများတယ်ဆိုလို့ သွားရောက်ကူညီတာပါ။ သေတဲ့သူတွေရှိသလို ဒဏ်ရာရသူတွေလည်း ရှိပါတယ်။ လက်ရှိကတော့ တာဝန်ရှိသူတွေက စစ်ဆေးနေပါတယ်” ဟု ကူညီပေးသည့် ပရဟိတအဖွဲ့ဝင်တစ်ဦးက MT News ၏ ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုသည်။
အဆိုပါဖြစ်စဉ်ကြောင့် စိုးရိမ်ရထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦး မစိုးရိမ်ဒဏ်ရာရသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ကမ်းလင့်လက်ပရဟိတအသင်း၊ လားရှိုးလူငယ်ပရဟိတအသင်းနှင့် ကြက်ခြနီအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် လားရှိုးမြို့နယ်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
သို့သော် တယ်လီဂရန်သတင်းဌာနများတွင်မူ ထိုဖြစ်စဥ်မှာ TNLA/ PDF က မိုင်းခွဲခြင်းဖြစ်ကြောင်း လက်ရှိတွင် ခရီးသည်လေးဦးသေဆုံးကာ ၁၀ ဦး ပြင်းထန်ဒဏ်ရာရကြောင်း ရေးသားထားသည်များ တွေ့မြင်ရသည်။
ပုံစာ။ Denko ဆီဆိုင်နှင့် ခရီးသည်တင်ယာဥ် မီလောင်မှုမြင်ကွင်း(Photo- Credit)







