MNA ၏ Cargo ခရီးစဉ်တွင် ပျံသန်းမည့် Boeing 737-400 Cargo လေယာဉ်အသစ်ကို တွေ့ရစဉ်
၂၇. ၉. ၂၀၂၃
Written by Ye Kyaw
မြန်မာအမျိုးသားလေကြောင်း (MNA)မှ ရန်ကုန်ကိုအခြေပြု၍ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ကုန် ပစ္စည်းသယ်ယူပိုဆောင်ရေး (Cargo) လေကြောင်းခရီးစဉ်ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကူးသန်းပြေးဆွဲမည်ဖြစ် သည်။
MNA လေကြောင်းမှ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ရန်ကုန်-ကိုလ်ကတ္တား-ရန်ကုန်ခရီးစဉ်ကို စက်တင်ဘာ ၂၈ ရက်နှင့် အောက်တိုဘာ ၄ ရက်တို့တွင်လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေတို့တွင်လည်းကောင်း၊ ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင်လည်းကောင်း၊ ရန်ကုန်-စင်ကာပူ-ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် သောကြာနေ့တွင်လည်းကောင်း Cargo လေယာဉ် (Boeing 737-400 Freighter) ဖြင့် ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
MNA လေကြောင်း ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cargo) ခရီးစဉ်နှင့် သက်ဆိုင်သည့် အသေးစိတ်အချက်များကို Logi Plus Company Limited နှင့် ဆက်သွယ်ချိတ်ဆက်ရမည်ဖြစ်ကြောင်း သိရသည်။
“ကွာလာလမ်ပူကိုတော့ Schedule မထွက်သေးတော့လေ ကျွန်တော်တို့ နှုန်းထားမရသေးဘူးခင်ဗျ။ ဘန်ကောက်ကိုတော့ 1 Kg ကို တစ်ဒေါ်လာပါ။ အခြားခရီးစဉ်တွေကတော့ သူထက်များမှာပေါ့။ ဘယ်လောက်နှုန်းထားဆိုတာကိုတော့ မထုတ်ပြန်ထားသေးဘူး။ ကုန်စည်လိုင်းပို့မယ်ဆိုရင်တော့ Custom ခွင့်ပြုချက်၊ Export/ Import Declaration (ပို့ကုန်သွင်းကုန်ခွင့်ပြုမိန့်/ကြေညာစာ) အဲဒါရှိမှပဲ လေယာဉ်က တင်လို့ရမယ်” ဟု Logi Plus Company Limited မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
MNA လေကြောင်းအနေဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်သည့် ခရီးစဉ်များကို ပိုမိုချဲ့ထွင်ပျံသန်းနိုင်ရန် Boeing 737-400 Cargo လေယာဉ်အသစ်ကို မလေးရှားနိုင်ငံမှ ငှားရမ်းခဲ့ကာ ပြီးခဲ့သည့် စတင်ဘာလ ၁၅ ရက်တွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ သယ်ဆောင်လာခဲ့ပြီးနောက် အထက်ပါ Cargo ခရီးစဉ်များကို စတင်ပျံသန်းပြေးဆွဲခြင်းဖြစ်သည်။ အဆိုပါ Cargo လေယာဉ်အသစ်သည် ကုန်ပစ္စည်းတန်ချိန် ၁၈ တန်အထိ သယ်ဆောင်နိုင်ကြောင်း သိရသည်။
