၂၂. ၉. ၂၀၂၃
Written by Nay Moe
NLD အစိုးရဟောင်းလက်ထက်တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးအဖြစ်တာဝန်ယူခဲ့ဖူးသူ သီရိပျံချီ နိုင်သက်လွင်မှာ အသက် ၈၃ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
နိုင်သက်လွင်သည် ၂၀၁၆ ခုနှစ် မတ်လ ၃၀ မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်အထိ တာဝန်ယူခဲ့ပြီးနောက် ရွေးကောက်ပွဲ မဲမသမာမှုများ၊ အဂတိလိုက်စားမှုများဖြင့် ဖမ်းဆီးဖြုတ်ချခံရသည့် NLD အစိုးရဟောင်းလက်တွင် တာဝန်ယူခဲ့သည့် ပြည်ထောင်စုဝန်ကြီးလည်းဖြစ်ပြီး စက်တင်ဘာ ၂၀ ည ၇ နာရီတွင် သေဆုံးခဲ့ခြင်းဖြစ်ကာ ယနေ့ စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၂ နာရီတွင် ကျိုက်မရောမြို့ ပိန္နဲကုန်းသုသာန်သို့ ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်သည်။
နိုင်သက်လွင်သည် မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း မိကွန်ချမ်း၏ ဖခင်လည်းဖြစ်ပြီး ၎င်းကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ မိကျင်သန်း၊ သားသမီးလေးဦးနှင့် မြေးများကျန်ရစ်ခဲ့သည်။
နိုင်သက်လွင်သည် ၁၉၅၈ ခုနှစ်တွင် နိုင်ငံရေးသို့ စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၈ ခုနှစ် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့စတင်ဖွဲ့စည်းချိန်၊ ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP၊ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အဖြစ်သို့ ပါတီနာမည်ပြောင်းလဲခဲ့ရာတွင် ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့ရာမှ NLD အစိုးရရွေးချယ်သည့် ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တာဝန်မှအနားယူခဲ့သော်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ချီးမြှင့်သည့် သီရိပျံချီဘွဲ့ ရယူခဲ့ပြီးနောက် နာရေးကြော်ငြာတွင်လည်း သီရိပျံချီနိုင်သက်လွင်ဟု ဖော်ပြပါရှိသည်။
