MT News
Written by Naing Thuta
ဘားအံတက္ကသိုလ်အနီးတွင် မော်တော်ယာဉ်တစ်စီး ပက်လက်လှန်တိမ်းမှောက်သွားပြီး လူ ၄ ဦးဒဏ်ရာရရှိမှု စက်တင်ဘာလ ၂၁ ရက် နံနက်အရုဏ်မတက်မီက ဖြစ်ပွားခဲ့ကြောင်း ဒေသခံပရဟိတအသင်းများထံမှ သိရသည်။
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၁ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်၊ မေတ္တာလမ်း၊ ဘားအံတက္ကသိုလ် အနောက်ဘက်လမ်းတွင် Toyota Crown အမျိုးအစားကားတစ်စီးသည် လမ်းဘေးဓာတ်တိုင်ကိုတိုက်မိပြီး တိမ်းမှောက်ခဲ့သည့်အတွက် မြန်မာနိုင်ငံလူမူကယ်ဆယ်ရေးအဖွဲ့(ဘားအံ)၏ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တို့မှ ကားအတွင်း ညပ်နေသောအမျိုးသား ၂ ဦး၊ ကားအပြင်ရောက်နေသောအမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား လိုအပ်သည်များပြုစုပေးပြီးနောက် တောင်ကလေးစစ်ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ဘားအံတက္ကသိုလ်အနီးမှာ ဒီနေ့မနက် ၁ နာရီကျော်လောက်က ကားတစ်စီးမှောက်နေတယ်လို့ ဖုန်းဆက်အကြာင်းကြားလို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေသွားပြီး ကူညီကယ်ဆယ်မှု လုပ်ခဲ့ရတယ်။ ကားအတွင်းထဲမှာ ညပ်နေတဲ့ ယောကျာ်းလေး ၂ ယောက်ကို တော်တော်ကယ်ထုတ်ခဲ့ရတယ်။ အသက်အန္တရာယ်မဖြစ်သွားတာ ကံကောင်းတယ်။ နောက်ထပ် ကားအပြင်မှာတော့ ယောကျာ်းလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက်တော့ ရောက်နေပြီး လေးယောက်စလုံး ဒဏ်ရာတွေရသွားတယ်။ ကားခေါင်းကတော့တော်တော်ပျက်စီးသွားတယ်။ အရှိန်တော်တော်ပါလို့ဖြစ်မယ်။ လမ်းဘေးက ဓာတ်တိုင်ကိုတိုက်မိပြီး ဓာတ်တိုင်ပါလဲသွားတယ်။ ကားက ပက်လက်ကိုလှန်ပြီးမှောက်နေတော့တာ။ အခုတော့ ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်”ဟု ကယ်ဆယ်ရေးတွင်ပါဝင်သူတစ်ဦးက ဆိုသည်။


