၁၅. ၉. ၂၀၂၃
Written by Peya
စစ်တွေတွင် ယနေ့ မွန်းလွဲပိုင်းက သေနတ်ပစ်ခံရပြီး သေဆုံးသူမှာ ALP ပါတီမှ ဗိုလ်မှူးခိုင်စိုးလွင်ဖြစ်ကြောင်း အဆိုပါ ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဗိုလ်မှူးခိုင်သူရိန်က MT News သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ALP ပါတီမှ ဗိုလ်မှူးအဆင့်ရှိသူ ဟုတ်ပါသလားဟု MT News သတင်းဌာန က မေးမြန်းရာတွင် ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားပြီး မည်သည့်အဖွဲ့က လုပ်သည်ဟု သုံးသပ်လိုပါသနည်း ဟု ဆက်လက်မေးမြန်းရာတွင် “ဘာမှတော့ သေချာ မပြောနိုင်သေးဘူး” ဟု ပြန်လည်ဖြေကြားသည်။
ALP မှ ဗိုလ်မှူး ခိုင်းစိုးလွင်သည် ယနေ့ စက်တင်ဘာလ ၁၅ ရက်၊ မွန်းလွဲပိုင်း ၁၂ နာရီကျော်အချိန်က စစ်တွေမြို့ရှိ ပြည်နယ်ဆက်သွယ်ရေးရုံးအနီး ကွမ်းယာဆိုင်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း MT News သတင်းဌာနက မေးမြန်းထားသည့် အချက်အလက်များ အရ သိရသည်။
“ကျွန်တော်အဲ့ဒီနားမှာ နေသူတွေကို မေးကြည့်တော့ ကွမ်းဝယ်နေတုန်းမှာ အပစ်ခံရတာလို့ ပြောတယ်။ လူလေးယောက်က ဆိုင်ကယ်လေးစီးနဲ့ လာတာ။ ပြီးတော့ သေနတ်နဲ့ တစ်ချက်ပစ်တယ်။ ပြီးတော့ ချွန်ထက်တဲ့ အရာနဲ့ ထိုးသွားတာ။ သိရသလောက်တော့ သေဆုံးသူဟာ ALP ရဲ့ တပ်ရင်းမှူးအဆင့်လို့ သိရတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။
ထိုသို့ ပစ်သွားသည့်အတွက် ဗိုလ်မှူးခိုင်စိုးလွင်မှာ ညာဘက်နံစောင်း၊ ယာဘက်လက်မောင်း၊ ယာဘက်ရင်အုံ၊ ညာဘက် ရင်ဘတ် အပါအဝင် ထိုးသွင်းဒဏ်ရာ ၈ ချက်နှင့် ဦးခေါင်းတွင် သေနတ်ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ရကာ သေဆုံးသွားခြင်းဖြစ်ကြောင်းလည်း ကနဦး မေးမြန်းထားသည့် အချက်အလက်များ အရသိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်ကလည်း ALP ပါတီက ပါတီဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်မင်းနှင့် ယာဉ်မောင်း ခိုင်ကျော်နိုင်တို့ စစ်တွေတက္ကသိုလ်နှင့် မင်းဂံရထားသံလမ်းအနီးသို့အရောက်တွင် ဆိုင်ကယ်ဖြင့် လိုက်လာသူများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ AA မှ လုပ်ကြံခြင်း ဖြစ်ကြောင်း အဆိုပါ ဖြစ်စဉ်တွင် ALP ပါတီက သတင်းထုတ်ပြန်ထားသည်။



