၁၄. ၈. ၂၀၂၃
Written by Pan Ei
အိန္ဒိယတောင်ပိုင်း ကယ်ရာလာပြည်နယ်မှာ ရှားပါး နီပါ ဗိုင်းရပ်စ် (Nipah Virus) ကြောင့် တစ်လအတွင်း လူနှစ်ဦးသေဆုံးခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ပြည်နယ်အတွင်းက ကျောင်းတွေ၊ ရုံးတွေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးအချို့ကို ဗုဒ္ဓဟူးနေ့မှာ စတင်ပိတ်ထားခဲ့ကာ နီပါ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ အိန္ဒိယအာဏာပိုင်တွေက ကြိုးပမ်းလျက်ရှိပါတယ်။
အခုလက်ရှိမှာ အရွယ်ရောက်ပြီးသူ နှစ်ဦးနဲ့ ကလေးတစ်ဦးတို့ နီပါ ဗိုင်းရပ်စ် ကူးစက်ခံထားရကာ ဆေးရုံတင်ထားရပြီး ကျန်းမာရေးဝန်ထမ်း ၁၅၃ ဦး အပါအဝင် အနည်းဆုံး လူ ၇၀၆ ဦးကို ဗိုင်းရပ်စ် ကူးစက်ခံထားရမှုရှိမရှိ စစ်ဆေးထားတယ်လို့ ပြည်နယ်ကျန်းမာရေးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကယ်ရာလာပြည်နယ်က ကိုဇီကော့ဒ် ခရိုင်မှာ လူစုလူဝေးတွေကို နောက် ၁၀ ရက်အထိ ရှောင်ရှားဖို့ ကယ်ရာလာရဲ့ ဝန်ကြီးချုပ် ပီနာရာရီ ဗီဂျရန်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါ နီပါ ဗိုင်းရပ်စ်ပိုးဟာ ကူးစက်ခံထားရတဲ့ လင်းနို့တွေ၊ ဝက်တွေ ဒါမှမဟုတ် လူတွေရဲ့ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေနဲ့ ထိတွေ့ခြင်းက တစ်ဆင့် ကူးစက်တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး နီပါ ပိုးကူးစက်ခြင်းဟာ ရောဂါအပျော့စားကနေ ဦးနှောက်ရောင်ရမ်းခြင်းလိုမျိုး ပြင်းထန်တဲ့ ရောဂါအထိဖြစ်စေနိုင်ကာ သေဆုံးသည်အထိဖြစ်စေနိုင်ပါတယ်။
နီပါ ဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုကို အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်က စတင်ကာတွေ့ရှိခဲ့တာဖြစ်ပြီး အခု စတုတ္ထအကြိမ်မြောက် တွေ့ရှိရမှုမှာ ရောဂါကူးစက်ခံရသူတစ်ဦးက ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်က သေဆုံးခဲ့တာဖြစ်သလို ကျန်သေဆုံးသူနောက်တစ်ယောက်ကတော့ အခုလထဲမှာ သေဆုံးခဲ့ခြင်းဖြစ်တယ်လို့ပဲ သိရကာ အသေးစိတ်အချက်အလက်ကိုတော့ ဖော်ပြထားတာ မရှိပါဘူး။
အခု ကယ်ရာလာပြည်နယ်မှာ တွေ့ရှိရတဲ့ နီပါ ဗိုင်းရပ်စ်က ဘင်္ဂလားဒေ့ရှ်မှာ အစောပိုင်းကတွေ့ရှိခဲ့တဲ့ လူ လူချင်းကနေ ကူးစက်မှုများတဲ့ မျိုးကွဲနဲ့ အတူတူဖြစ်ပြီး သေဆုံးမှုနှုန်းမြင့်မားပေမဲ့ ကူးစက်မှုနည်းပါးတဲ့မျိုးကွဲဖြစ်တယ်လို့လည်း သိရပါတယ်။
၁၉၉၉ ခုနှစ်က မလေးရှားနဲ့ စင်္ကာပူတို့မှာ တိရစ္ဆာန်တွေနဲ့ နီးကပ်စွာ ထိတွေ့မိတဲ့ ဝက်မွေးမြူသူတွေနဲ့ တခြားသူတွေ ဖျားနာမှု ဖြစ်ပွားရာကနေ Nipah ဗိုင်းရပ်စ်ကို ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။
Ref; Reuters

