၄. ၉. ၂၀၂၃
Written by Pan Ei
ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှု လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပြီး တစ်လအတွင်းမှာပဲ ကူးစက်ခံရသူ ၁၄၅ ဦးအထိရှိလာတာကြောင့် ကူးစက်ခံရသူ စုစုပေါင်း အရေအတွက် ၃၁၆ ဦးအထိ ရှိလာခဲ့သလို အသက်အငယ်ဆုံး လူနာက အသက် ၁၆ နှစ်အရွယ် ကျောင်းသားဖြစ်တယ်လို့ သိရပါတယ်။
မျောက်ကျောက်ရောဂါဟာ ဖျားတာ၊ ခန္ဓာကိုယ်တွေ ကိုက်ခဲကာ၊ မောပန်းတာတွေ ဖြစ်စေနိုင်တဲ့အပြင် ခန္ဓာကိုယ်အနှံ့ အရည်ကြည်ဖုတွေ ထစေနိုင်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်က ထွက်တဲ့ အရည်၊ အသက်ရှူလမ်းကြောင်းက ထွက်တဲ့အရည်တွေနဲ့ ဒဏ်ရာအနာ စတာတွေကနေ လူတွေအကြား ကူးစက်နိုင်တယ်လို့လည်း သိရပါတယ်။
ထိုင်းနိုင်ငံရဲ့ ရောဂါထိန်းချုပ်ရေးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသာရက်ခရဆာနိုင်ရာဝီဝမ် ရဲ့ ဖော်ပြချက်အရ မျောက်ကျောက်ရောဂါကူးစက်ခံရသူ အများစုမှာ တခြားအမျိုးသားတွေနဲ့ တူတူနေဖူးတဲ့ အမျိုးသားတွေဖြစ်ပြီး အဲ့ဒီဖြစ်စဉ်ကြောင့် ကူးစက်ခံရသူတွေမှာ စုစုပေါင်း ၃၁၆ ယောက်အနက် ၂၇၁ ယောက် ဒါမှမဟုတ် ဖြစ်ပွားမှု အကုန်လုံးရဲ့ ၈၅ ဒသမ ၈ ရာခိုင်နှုန်းအထိရှိကြောင်း သိရပါတယ်။
ဒါ့အပြင် ကူးစက်ခံထားရသူ စုစုပေါင်းရဲ့ ၄၅ ဒသမ ၃ ရာခိုင်နှုန်းဖြစ်တဲ့ လူနာ ၁၄၃ ဦးဟာလည်း HIV ရောဂါပိုး ကူးစက်ခံနေရတယ်လို့ သိရသလို ကူးစက်ခံရသူ ၂၇၇ ယောက်က ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ၃၆ ယောက်က နိုင်ငံခြားသားတွေဖြစ်ကာ ကျန် ၃ ယောက်ကတော့ ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို ထုတ်ဖော်ပြောကြားထားတာမရှိပါဘူး။
ပြီးခဲ့တဲ့ လေးလအတွင်း ထိုင်းနိုင်ငံမှာ မျောက်ကျောက်ရောဂါ ဆက်တိုက်ဖြစ်ပွားခဲ့ရာ မေလမှာ ကူးစက်ခံရသူ ၂၂ ဦးရှိပြီး ဇူလိုင်လမှာ ကူးစက်သူ ၈၀၊ သြဂုတ်လမှာတော့ ကူးစက်သူ ၁၄၅ ဦးအထိ သိသိသာသာ တိုးလာခဲ့ခြင်းဖြစ်ကာ အသစ်ထပ်မံကူးစက်ခံရသူတွေထဲမှာ ဆယ်ကျော်သက်တွေအရေအတွက်က သိသိသာသာ တိုးလာခဲ့ပြီး ကူးစက်ခံရတဲ့ ဆယ်ကျော်သက် ၁၆ ဦးရှိခဲ့ပါတယ်။
မျောက်ကျောက်ရောဂါက ပုံမှန်အနေနဲ့ ပြင်းထန်မှု နည်းပေမဲ့လည်း အဲ့ဒီရောဂါကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်က HIV ရောဂါအခံရှိတဲ့ ထိုင်းနိုင်ငံက လူနာအမျိုးသားတစ်ဦး သေဆုံးခဲ့ပါတယ်။
Ref; The Thaiger
