၂. ၉. ၂၀၂၃
Written by Ye Kyaw

လတ်တလောမှာတော့ စားအုန်းဆီကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးနေတဲ့ အရောင်းဆိုင်တွေမှာသာ ဝယ်ယူလို့ရနေပြီး အခြားသော ဆီလက်လီဆိုင်တွေမှာတော့ စားအုန်းဆီ‌ဈေးနှုန်းတောင် မေးမရတဲ့အပြင် ဝယ်လို့လည်းမရပါဘူး။

ဘာလို့လဲဆိုတော့ သတ်မှတ်ဆိုင်တွေကနေ သက်သာရည်ညွှန်းဈေးနဲ့ ရောင်းပေးနေတာဟာ တစ်ပိဿာ ၄၅၀၀ ကျပ်နဲ့ ရောင်းပေးနေတာဖြစ်သလို စက်တင်ဘာ ၁ ရက်မှာတော့ တစ်ပိဿာ ၄၄၀၀၊ ၄၃၀၀ နဲ့ကို ထပ်မံလျှော့ချရောင်းပေးခဲ့တာကြောင့် ဒီဈေးနှုန်းအတိုင်း မရောင်းလို့ တိုင်ကြားခံရရင် လာဖမ်းမှာကို ကြောက်ပြီး လက်လီဆီဆိုင်တွေကလည်း ရောင်းနိုင်တဲ့ဈေးနှုန်းကို ထုတ်မပြောတဲ့အပြင် ပစ္စည်းပြတ်နေတယ်ဆိုပြီး အကြောင်းပြကာ စားအုန်းဆီရောင်းတာ ရပ်ထားတယ်လို့ သိရပါတယ်။

“သတ်မှတ်ဈေးနှုန်းနဲ့ တန်းစီပြီးဝယ်ရင် စားအုန်းဆီ ရောင်းပေးပါတယ်။ အဲဒီအတွက်ပဲရှိတယ်။ အပြင်ဈေးနဲ့ ရောင်းပေးဖို့မရှိဘူး။ အဲဒီလိုရောင်းဖို့လည်း စားအုန်းဆီမရှိဘူး။ အခြား ပဲဆီတော့ လိုချင်ရတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ စားအုန်ဆီကို ခွဲတမ်းနဲ့ရောင်းချနေတဲ့ဆီဆိုင် တာဝန်ရှိသူက ပြောပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-02_15-22-51-1024x768.jpg

သွင်းကုန်လုပ်ငန်းရှင်တွေကို တစ်ဒေါ်လာ ၂၉၀၀ ကျပ်ဝန်းကျင်နဲ့ နိုင်ငံတော်ကနေရောင်းချပေးပြီး ဒီလုပ်ငန်းရှင်တွေကနေတစ်ဆင့် အခြေခံလူတန်းစားတွေ စားအုန်းဆီကို သက်သာစွာဝယ်ယူနိုင်စေဖို့ ဆောင်ရွက်ပေးခဲ့တာပါ။ ဒါပေမဲ့ မျှော်မှန်းထားသလို ဖြစ်မလာဘဲ ဆီကုန်သည်တွေက ဆီပေပါ ၂၀ လောက်သာ ရည်ညွှန်းဈေးနဲ့ ရောင်းချပြီး ကျန်တာတွေကိုတော့ ရည်ညွှန်းဈေးထက် တစ်ပိဿာ ကျပ် ၃၀၀၀ လောက် ဈေးတင်ရောင်းချခဲ့လို့ ဈေးကွက်အတွင်း အခြေခံလူတန်းစား ဝယ်နိုင်ဖို့နေနေသာသာ ပုံမှန်ဝင်ငွေရှိသူတွေတောင် လက်လှမ်းမမီတဲ့ တစ်ပိဿာ ကျပ် ၉၀၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့လို့ အဲဒီလိုလုပ်တဲ့ ဝိသမလောဘသမားတွေကို ဖမ်းဆီးအရေးယူတယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်မှာ ထွက်ပေါ်လာပါတယ်။

ဒီလိုဖမ်းဆီးတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ပြင် အမြင့်ဈေးနှုန်းအတိုင်း ဆက်ရောင်းနေတဲ့သူတွေကို တိုင်ကြားနိုင်တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက တရားဝင်ကြေညာထားပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ လက်လီဈေးကွက်အတွင်း ပုံမှန်ရောင်းဝယ်နေတဲ့ ဆီဆိုင်တွေကလည်း ဈေးနှုန်းမြင့်နေလို့ အတိုင်ခံရင် လာဖမ်းမှာကြောက်ပြီး ဈေးနှုန်းမပြောရဲ၊ မရောင်းချရဲဖြစ်နေတာတွေကြောင့် အခြေခံလူတန်းစားတွေက တန်းမစီနိုင်ရင် ဆီမရဘူးဆိုတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-09-02_15-23-23-1024x768.jpg

ဒီရက်ပိုင်းမှာ ဈေးကွက်အတွင်း စားအုန်းဆီပြန်ကျလာတာဟာ တန်းစီဝယ်ရတဲ့ သတ်မှတ်ဆိုင်တွေမှာသာ တစ်ပိဿာကို ၁၀၀ ကျပ် ကျတာဖြစ်ပြီး အခြားပုံမှန်ဝယ်ယူလို့ရတဲ့ဆိုင်တွေမှာတော့ ဘယ်ဈေးနှုန်းရှိမှန်းတောင် မသိရတဲ့ အခြေအနေပါ။

“ဆီကကျတယ်လေ အရင်က တစ်ပိဿာ ၄၅၀၀ မနေ့ကစပြီး ၄၄၀၀ နဲ့ရောင်းပေးတယ်။ ၁၀၀ ကျသွားတာပေါ့။ အရင်ကတန်းစီရင် တစ်ပိဿာရတယ်။ အခုက ငါးဆယ်သားပဲရတော့တယ်။ မနေ့က ငါးဆယ်သားကို ၂၂၀၀ နဲ့ အရင်က ၂၂၅၀ ပေးရတယ်” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးရှိ သတ်မှတ်ဈေးနဲ့ စားအုန်းဆီရောင်းပေးနေတဲ့ ဆီဆိုင်မှာတန်းစီနေတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်လီ ဆီဆိုင်တွေက ဖမ်းခံရမှာကြောက်လို့ မရောင်းတော့ ပုံမှန်အတိုင်းဝယ်ယူလို့မရတော့လို့ အခြေခံလူတန်းစားတွေက တန်းစီမှသာ ဝယ်လို့ရတဲ့ စားအုန်းဆီဈေးကွက်အတွင်းမှာ ဒီနေ့မှာလည်း သတ်မှတ်ဈေးနှုန်းအတိုင်း မရောင်းဘဲ အမြတ်ကြီးစားရောင်းချတဲ့ နေပြည်တော်က ဆီကုန်သည် ၁၅ ဦးကို ထပ်မံဖမ်းဆီးလိုက်တယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဈေးတင်ရောင်းလို့ “ဖမ်း” ဖမ်းလို့ မရောင်း၊ မရောင်းလို့ ပုံမှန်အတိုင်းဝယ်လို့မရနဲ့ တန်းစီဝယ်နေရတဲ့ ပြည်သူတွေအကြား ဖြစ်ပေါ်နေတဲ့ ဒီသံသရာကိုလည်း အမြန်အဆုံးသတ်သင့်ပါပြီ။

တစ်ဖက်မှာလည်း အခြေခံလူတန်းစားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဆန်တွေကို သက်သာတဲ့စျေးနှုန်းနဲ့ ကုန်စည်ဒိုင်တွေ၊ မြို့နယ်အလိုက် အရောင်းဆိုင်တွေကနေ ရောင်းချပေးနေတာ တစ်လဝန်းကျင်ရှိလာပေမဲ့ ဆန်ဈေးနှုန်းဟာ သိသိသာသာ ကျဆင်းလာတာမရှိသေးပါဘူး။

This image has an empty alt attribute; its file name is photo_2023-09-02_15-25-26-1024x768.jpg

အခြေခံလူတန်းစားတွေအတွက် သက်သာတဲ့ ဈေးနှုန်းနဲ့ဝယ်ယူနိုင်ဖို့ ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကတည်းက ရောင်းချပေးနေတာပါ။ ဒီလိုရောင်းပေးနေပေမဲ့ ဆန်စျေးကတက်မြဲပါ။

ဒါပေမဲ့ ပုံစံမမှန်တဲ့ဖြစ်စဥ်အဖြစ် ပြည်တွင်းစားဆန် အဓိကလက်ကားရောင်းချပေးနေတဲ့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဈေးနှုန်းပုံစံက ပြောင်းလဲလာတာ တွေ့ရပါတယ်။ အရင်က ဆန်အမျိုးအစားတစ်ခုကို ဖြစ်နိုင်ခြေ အနိမ့်ဆုံးဈေး (Low)၊ အလယ်အလတ်ဈေး(Medium)၊ အမြင့်ဆုံးဈေး (High)ဆိုပြီး ဈေးနှုန်းသုံးမျိုးထုတ်ပြန်လေ့ရှိပါတယ်။ သက်သာဈေးနှုန်းနဲ့ ဆန်မရောင်းပေးမီ ဩဂုတ်လ ၂ ရက်မှာ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် အနိမ်ဆုံးဈေး ကျပ် ၁၂၀,၀၀၀ အလယ်အလတ်ဈေး ကျပ် ၁၂၅,၀၀၀ အမြင့်ဈေး ကျပ် ၁၃၀,၀၀၀၊ ကြားပျံရှယ်ဆန် တစ်အိတ် အနိမ်ဆုံးဈေး ကျပ် ၉၇,၀၀၀ အလယ်အလတ်ဈေး ကျပ် ၉၈,၀၀၀ အမြင့်ဈေး ကျပ် ၁၀၀,၀၀၀၊ ဧည့်မထဆန် အနိမ်ဆုံးဈေး ကျပ် ၆၅,၀၀၀ အလယ်အလတ်ဈေး ကျပ် ၆၆,၀၀၀ အမြင့်ဈေး ကျပ် ၆၇,၀၀၀ ရှိခဲ့ပါတယ်။

သက်သာဈေးနှုန်းနဲ့ ဆန်ရောင်းပေးခဲ့တာ ၁၀ ရက်ခန့်ကြာပြီး ဩဂုတ်လ ၁၈ ရက်မှာတော့ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် အနိမ်ဆုံးဈေး ကျပ် ၁၃၀,၀၀၀ အလယ်အလတ်ဈေး ကျပ် ၁၃၅,၀၀၀ အမြင့်ဈေး ကျပ် ၁၄၀,၀၀၀၊ ကြားပျံရှယ်ဆန် တစ်အိတ် အနိမ်ဆုံးဈေး ကျပ် ၁၁၀,၀၀၀ အလယ်အလတ်ဈေး ကျပ် ၁၁၂,၀၀၀ အမြင့်ဈေး ကျပ် ၁၁၅,၀၀၀၊ ဧည့်မထဆန် အနိမ်ဆုံးဈေး ကျပ် ၆၇,၀၀၀ အလယ်အလတ်ဈေး ကျပ် ၆၈,၀၀၀ အမြင့်ဈေး ကျပ် ၆၉,၀၀၀ ဖြစ်ပေါ်ခဲ့လို့ ပေါ်ဆန်းဆန်ဟာ တစ်အိတ်ကို ကျပ်တစ်သောင်း၊ ကြားပျံရှယ်ဆန်ဟာ တစ်အိတ်ကို ကျပ်တစ်သောင်းခွဲခန့်နဲ့ ဧည့်မဆန်ဟာ တစ်အိတ်ကို ကျပ်နှစ်ထောင် မြင့်တက်ခဲ့တာပါ။

ဆန်ဈေးကွက်မှာ ဈေးကျလာတယ်လို့ ပြောဆိုနေသော်လည်း ဝါးတန်းဆန်လက်ကားကုန်စည်ဒိုင်က ထုတ်ပြန်ထားတဲ့ ဈေးနှုန်းတွေက အရင်ကလို ဖြစ်နိုင်ခြေ အနိမ့်ဆုံးဈေး (Low)၊ အလယ်အလတ်ဈေး(Medium)၊ အမြင့်ဆုံးဈေး (High)ဆိုပြီး ဈေးနှုန်းသုံးမျိုးကို သီးခြားစီ ထုတ်ပြန်တာ မလုပ်တော့ဘဲ ဒီဈေးနှုန်းသုံးမျိုးလုံးနေရာ အနိမ့်ဆုံးဈေးနဲ့သာ ဖော်ပြခဲ့တာပါ။

ဝါးတန်းဆန်ကုန်စည်ဒိုင်က နောက်ဆုံးဖော်ပြထားတဲ့ ဩဂုတ်လ ၃၁ ရက်မှာတော့ ရွှေဘိုပေါ်ဆန်းဆန် အနိမ့်ဆုံးဈေး၊ အလယ်လတ်ဈေးနဲ့ အမြင့်ဆုံးဈေးနှုန်း သုံးခုလုံးမှာ တစ်အိတ် ကျပ် ၁၂၅,၀၀၀ လို့သာ တစ်ပြေးညီ ဖော်ပြထားပါတယ်။ ဒီလိုပါပဲ ကြားပျံရှယ်ဆန်မှာလည်း ဈေးနှုန်းသုံးခုလုံးမှာ တစ်အိတ် ကျပ် ၁၀၀,၀၀၀ နဲ့ ဧည့်မထဆန် တစ်အိတ်ကိုတော့ ဧည့်မထဆန် အနိမ့်ဆုံးဈေး ကျပ် ၆၅,၀၀၀ အလယ်အလတ်ဈေး ကျပ် ၆၆,၀၀၀ အမြင့်ဈေး ကျပ် ၆၉,၀၀၀ ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။

နောက်ဆုံးထုတ်ပြန်ထားတဲ့ ဆန်ဈေးနှုန်းအရ သက်သာသောဈေးနှုန်းနဲ့ ဆန်များ မရောင်းချပေးခင်က ဈေးနှုန်းအောက်သို့ ကျဆင်းလာခြင်းမရှိသေးတဲ့အပြင် ဒီဈေးထက်ကို ပေါ်ဆန်းဆန်ဟာ တစ်အိတ်ကို ကျပ်ငါးထောင်၊ ကြားပျံရှယ်ဆန်နဲ့ ဧည့်မထဆန်တို့ဟာ တစ်အိတ်ကို ကျပ်နှစ်ထောင်ဝန်းကျင်လောက်ကို မြင့်တက်နေဆဲဖြစ်ပါတယ်။

အခုတွက်ပြထားတဲ့ ဆန်ဈေးနှုန်းတွေကတော့ ပြည်တွင်းစားသုံးတဲ့ ဆန်ချောကို အဓိက လက်ကားရောင်းနေတဲ့အပြင် သက်သာသောဈေးနှုန်းနဲ့ ဆန်များထုတ်ရောင်းပေးနေတဲ့ ဝါးတန်းဆန်ကုန်စည်ဒိုင်က တွက်ချက်ဖော်ပြထားတဲ့ ဈေးနှုန်းကို နှိုင်းယှဉ်ပြခဲ့တာပါ။

ပြင်ပလက်လီဈေးကွက်မှာဆိုရင် ပေါ်ဆန်းဆန်အမျိုးအစားအလိုက် တစ်ပြည်ကို အနည်းဆုံး ကျပ် ၅၀၀၀ ကျော်ဖြစ်ပေါ်နေပြီး ပေါ်ဆန်းထူးထူးရှယ်ဟာ တစ်ပြည်ကို ကျပ် ၇၀၀၀ ကျော်တဲ့အထိမြင့်တက်နေသလို လူလတ်တန်းစားတွေ အများဆုံးစားတဲ့ တောင်ပျံဆန်ဟာဆိုရင် တစ်ပြည်ကို ကျပ် ၅၀၀၀ ကျော်မှာဖြစ်ပေါ်နေပြီး ဧည့်မထဆန်ဆိုတာလည်း တန်းစီနိုင်မှသာ တစ်ပြည်ကို ကျပ် ၂၅၀၀ နဲ့ဝယ်ယူလို့ရတဲ့အနေအထားပါ။

ရန်ကုန်တိုင်းအစိုးရက ဆန်နဲ့ဆီကို သက်သာတဲ့ဈေးနှုန်းနဲ့ ဘယ်နှစ်ခေါက်တန်းစီစီ ရောင်းချပေးခဲ့စဉ်က “ဒီတစ်နေ့ အချိန်ပေးတန်းစီလိုက်ရင် တစ်လစာလောက် အဆင်ပြေသွားတယ်လေ။ အပြင်ဈေးထက် ဆီက ထက်ဝက်နီးပါးကွာတယ်။ ဆန်က တစ်ပြည်ကို တစ်ထောင်လောက် သက်သာတယ်။ ဒီလိုမျိုးရောင်းပေးတဲ့သူတွေကို ကျေးဇူတင်ပါတယ်။ အမြဲတမ်းရောင်းပေးရင် ပိုလို့တောင်ကျေးဇူးတင်ဦးမယ်” လို့ ဆန်နဲ့ဆီဝယ်ယူဖို့ တွံတေးမြို့က လာရောက်တန်းစီတဲ့ အမေအိုတစ်ဦးရဲ့ ရင်ဖွင့်သံလိုပါပဲ အခြားသောဇိမ်ခံပစ္စည်းတွေ ဈေးနှုန်းမကျရင်နေပါ ပြည်သူတွေက ဆန်နဲ့ဆီရဲ့ ဈေးနှုန်းလေးတော့ တကယ့်ကို ကျစေချင်နေတာကတော့ အမှန်ပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *