၂. ၉. ၂၀၂၃
Written by Nay Aung
အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်ရင်းသည် မီဇိုရမ်ပြည်နယ် Champhai ဒေသတွင် သြဂုတ် ၃၁ ရက်နေ့ကမူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားတစ်ဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
အာသံရိုင်နယ်တပ်ရင်းသည် အိန္ဒိယ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဗဟိုအဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး ဖမ်းဆီးချိန်အတွင်း အသက် ၃၄ နှစ်အရွယ်ရှိ Thangmanglian ဆိုသူကို အိန္ဒိယရူပီး သန်း ၆၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အိန္ဒိယရဲတပ်ဖွဲ့သည် သတင်းအရစောင့်ဆိုင်းနေချိန်အတွင်း Bethelveng ဒေသသို့ မူးယစ်ဆေးဝါးများ မှောင်ခိုသယ်ဆောင်လာသော မြန်မာနိုင်ငံသားကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။
အဆိုပါမြန်မာနိုင်ငံသားကို ဖမ်းဆီးရမိချိန်အတွင်း အလေးချိန် ၈၅၂ ဒသမ ၁၆ ဂရမ်ရှိ ဘိန်းဖြူများထည့်ထားသည့် ဆပ်ပြာခွက်ပေါင်း ၇၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း အာသံရိုင်ဖယ်တပ်ရင်းက ဆိုသည်။ အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့များသည် မြန်မာနိုင်ငံဘက်ခြမ်းမှ တရားဝင် ဝင်ရောက်မှုများနှင့် မှောင်ခိုတင်သွင်းမှုများကို ဟန့်တားဖမ်းဆီးနိုင်ရန်အတွက် လုံခြုံရေးတင်းကြပ်ထားရာ ပြီးခဲ့သောသီတင်းပတ်အတွင်းကလည်း အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အာသံရိုင်ဖယ်တပ်ရင်းသည် အိန္ဒိယနိုင်ငံအတွင်းသို့ ကွမ်းသီးများ တရားမဝင်တင်ပို့ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၆ ဦးနှင့် ကုန်ကားများ၊ ကွမ်းသီးများကို ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယအခြေစိုက်သတင်းများက ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်အာဏာအငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနယ်စပ်ဒေသတွင် နေထိုင်သူများသည်အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာသွားရောက်နေထိုင်ခဲ့ရာ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရပြည်နယ်တွင် မြန်မာနိုင်ငံသား သောင်းချီရှိနေကြောင်း အိန္ဒိယအာဏာပိုင်များက ပြောသည်။
Ref- — aninews
