◾ PDF ဘက်မှာလည်း လက်နက်အားကိုးနဲ့ ပြည်သူကို အာဏာပြချင်သူတွေ ပါလာနေတာကြောင့် ပြည်သူတွေ စိုးရိမ်နေရတယ်လို့ NUG ဝန်ကြီးချုပ် ပြော

၂၉. ၈. ၂၀၂၃

Written by Nay Moe

PDF ဘက်မှာလည်း လက်နက်အားကိုးနဲ့ ပြည်သူကို အာဏာပြချင်သူတွေ ပါလာနေတာကြောင့် ပြည်သူတွေ စိုးရိမ်နေရတယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဒီနေ့ပြုလုပ်တဲ့ NUG ရဲ့ အစည်းအဝေး အမှတ်စဉ် ၂၉/၂၀၂၃ မှာ ထည့်သွင်းပြောခဲ့ပါတယ်။

NUG ဩဇာခံဖြစ်တဲ့ မြင်းခြံခရိုင် တပ်ရင်း (၅) PDF တွေဖြစ်တဲ့ MG6 ပြောက်ကျားတပ်ရဲ့ လူသတ်လုယက်မှု ၁၀၀ ကျော်၊ ချောင်းဦးပကဖလေးဦးက အမျိုးသမီးနဲ့ ကလေးငယ် ၇ ဦးကို မုဒိမ်းလူသ-တ်မှုကျုးလွန်ခဲ့ပြီး ကျူးလွန်မှုရဲ့ အဓိကတရားခံကို ထွက်ပြေးတယ်ဆိုပြီး လွှတ်ပေးခဲ့တာ၊ ဆော PDF ၈ ယောက်က အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်ကို အကြိမ် ကြိမ်အုပ်စုဖွဲ့ မုဒိမ်းကျင့်တာ၊ မုံရွာမှာ မွေးဖွားလုနီး ကိုယ်ဝန်ဆောင်သည် မအေးငြိမ်းသူကို ဓားပြတိုက်ရင်း သ-တ်-ဖြ-တ်လိုက်တဲ့ Monywa Force PDF အဖွဲ့နဲ့ ကာမနှောင့်ယှက်မှုတွေနဲ့ လူသ-တ်မှု ၂၀ ကျော် ကျုးလွန်ထားတဲ့ ယော PDF ဧကရာဇ်မုန်တိုင်းအဖွဲ့ဖြစ်စဥ်အပြင် ဗိုလ်နဂါးနဲ့ ပုလဲ၊ ယင်းမာပင်ပကဖတွေအကြား ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်လာနေချိန်မှာ မန်းဝင်းခိုင်သန်းက ပြောလာတာပါ။

“လက်နက်ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ တစ်ခါတရံ တော်လှန်ရေးအင်အားစုများဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာလည်း လက်ရှိ ဆင်နွှဲနေရတဲ့ တော်လှန်ရေးရဲ့ အရင်းအမြစ်ပြဿနာက ဘာလဲဆိုတာကို မေ့လျော့ပြီး လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတတ်ပါတယ်။ အဲဒီလို လူတချို့ရဲ့ ပြုမူဆောင်ရွက်မှုတွေကြောင့် ပြည်သူတွေအနေနဲ့ နေထိုင်ရတာ စိုးရိမ်မှုများ ရှိနေတာမျိုးလည်း ကြားသိရပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဝန်ကြီးဌာနတွေအနေနဲ့ အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းဖို့ အင်မတန် အရေးကြီးမှာ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ပြည်သူကို လုံခြုံနွေးထွေးအောင် ကာကွယ်ပေးရမယ့် တာဝန်ကို ယူထားကြသူများ ဖြစ်ပါတယ်။ ကာကွယ်ပေးရမယ့်သူတွေက လမ်းကြောင်းတွေ လွဲလာကြမယ်ဆိုရင် တော်လှန်ရေးအတွက်လည်း ထိခိုက်မှုရှိလာမှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်ပါတယ်။ ဘုံရည်မှန်းချက်တူညီနေကြပြီဆိုရင် အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတွေမှာ ဘယ်လိုပဲ ကြီးမားတဲ့ အခက်အခဲနဲ့ အတားအဆီးတွေ ရှိနေပါစေ အပြန်အလှန် လေးစားမှု၊ နားလည်မှုတွေနဲ့ ဒီအခက်အခဲတွေကို မုချကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” လို့ မန်းဝင်းခိုင်သန်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *