ကိုဗစ်-၁၉ ကာလ အစိုးရက ဆောင်ရွက်ပေးခဲ့မှုများကို တွေ့ရစဥ်

MT News

Written by Tha Doe

ကျပ် ၁၅၈ ဘီလျံကျော် ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများ တစ်နှစ်သက်တမ်း ထပ်မံတိုးမြှင့်ပေးမည်ဟု SAC က နိုဝင်ဘာ ၄ ရက်နေ့တွင် ကြေညာသည်။

ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ တာဝန်များအနက် ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ထိခိုက်မှုအများဆုံးဖြစ်သည့် လုပ်ငန်းများအား ဦးစားပေးကဏ္ဍ အလိုက် ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံမှ ကုမ္ပဏီ/ လုပ်ငန်း စုစုပေါင်း ၅,၉၉၀ ချေးငွေပမာဏ ကျပ် ၁၅၈.၄၄၃၈ ဘီလျံကို ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁ %) သတ်မှတ်ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်နေ့မှစ၍ လုပ်ငန်း ၁၀ ခုအား ဦးစားပေးထုတ်ချေးခဲ့သည်။

နိုင်ငံတော်အနေဖြင့် အဆိုပါ ချေးငွေထုတ်ပေးခဲ့သည့် ကုမ္ပဏီ/ လုပ်ငန်း ၅,၉၉၀ ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် SAC ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ချေးငွေပြန်ဆပ်ရန်ကာလအား ချေးငွေကာလ သက်တမ်းတစ်နှစ် စေ့ရောက်သည့်နေ့မှစ၍ ပထမအကြိမ်အဖြစ် (၆)လ သက်တမ်းတိုးမြှင့်ပေးပါကြောင်းနှင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ၁၁ ရက်နေ့တွင် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း(၁)နှစ် (၆)လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်(၆)လ ထပ်မံသက်တမ်းတိုးမြှင့်ပေးကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သဖြင့် စုစုပေါင်း သက်တမ်း(၁)နှစ် တိုးပေးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများ ထပ်မံ ရှိနေပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကိုချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍ နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးရန် SAC က လမ်းညွှန်ခဲ့သည်။

ထို့ကြောင့် ပထမနှစ်အတွက် ပထမအကြိမ် အတိုးများအား ပေးဆပ်ပြီးလုပ်ငန်းများ၊ ဒုတိယနှစ်အတွက် ဒုတိယအကြိမ် အတိုးများအား ကာလပြည့်မီက ပေးဆပ်ပြီး လုပ်ငန်းများ၊ ချေးငွေအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများအား တစ်နှစ် သက်တမ်းတိုးမြှင့်ပေးခဲ့သည်။

ထို့ပြင် လုပ်ငန်းကော်မတီက ခွင့်ပြုခဲ့သည့် ချေးငွေထုတ်ယူခွင့်ပြုကြောင်း အကြောင်းကြားစာတွင် “ပြန်လည်ပေးဆပ်ရန်ပျက်ကွက်ပါက ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် ခံရမည်ဖြစ်ပါကြောင်း” အသိပေးဖော်ပြပါရှိသဖြင့် မြန်မာ့စီးပွားရေးဘဏ်မှ ချေးငွေထုတ်ယူ ထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် ချေးငွေ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါအတိုင်း ဘဏ်လုပ်ထုံးလုပ်နည်းနှင့်အညီ တရားမကြောင်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်တမ်းတိုးမြှင့်ရန် ခွင့်ပြုထားသည့်ကာလအတွင်း အပြီးသတ်အပြေအကြေပေးဆပ်ရမည်ဟုလည်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီက အသိပေးထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *