၂၇. ၈. ၂၀၂၃
Written by Phyo Wei

အယ်နီညိုရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံမှာ စားရေရိက္ခာ ပြတ်လပ်မှု မကြုံနိုင်တာနဲ့ လက်ရှိအချိန်အထိ ပြည်တွင်းမှာ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော် ကျန်ရှိနေသေးတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက ပြောလာခဲ့ပေမဲ့ ပေါ်ဆန်း ဆန်တစ်ပြည်ကို ကျပ် ၇၀၀၀ ကျော်အထိ မြင့်တက်လာခဲ့ပါပြီ။

ဆန်ကြမ်းတောင် တစ်အိတ် ၅၀၀၀၀ အောက် မရှိတော့တဲ့အခြေအနေမျိုးမှာ ဒါ့ထက်သာ အခြေအနေဆိုးလာရင် အာဂျင်တီးနားမှာလို လူထုရဲ့ ပေါ်တင်လုယက်မှုတွေမျိုးဖြစ်လာမလား ကြိုတွေးဆထားသင့်တဲ့ ဒီရက်သတ္တပတ်မှာ ကုန်စည်အဝင်/အထွက် မျှတမှုရှိ-မရှိနဲ့ ဝိသမလောဘသားတွေ ဈေးကစားမှု ရှိ-မရှိကို စုံစမ်းစိစစ်မှု ဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောလာတာကို တွေ့ရပါသေးတယ်။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေတွေက နိုင်ငံတကာသတင်းမီဒီယာတွေ ဖော်ပြနေသလို ဆိုးရွားမှုမရှိကြောင်းနဲ့ နိုင်ငံတကာမီဒီယာတွေ ရေးသားဖော်ပြချက်ဟာ မှန်ကန်မှုမရှိဘူးလို့ စီးပွားရေးနဲ့ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်နိုင်ငံရောက်ချိန်မှာ ထုတ်ဖော်ပြောဆိုလိုက်တဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားပြီလို့ ပြောနေတာတွေဟာ တိုင်းပြည်ပုံရိပ်ဖျက်ဆီးတာဖြစ်တဲ့အကြောင်း၊ ငွေရှိတဲ့သူတွေဟာ တိုင်းပြည်တိုးတက်စေမဲ့ လုပ်ငန်းတွေမှာ မြှုပ်နှံတာထက် အလွယ်လမ်းကိုပဲ လိုက်နေတဲ့အကြောင်းနဲ့ ပုဂ္ဂလိကဘဏ်တွေက သစ္စာမရှိလို့ စောင့်ကြည့်နေတယ်ဆိုတဲ့အကြောင်းတွေကို တင်ပြချင်ပါတယ်။

“တိုင်းပြည်ပုံရိပ်ဖျက်ဆီးမှု”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အများအပြား မြန်မာနိုင်ငံကနေ ထွက်ခွာနေပြီလို့ Exile မီဒီယာတွေနဲ့ အနောက်အုပ်စုမီဒီယာတွေရေးသားနေပေမဲ့ ဒီအချက်အလက်တွေက တကယ်တမ်းတော့ မမှန်ဘဲ တိုင်းပြည်ပုံရိပ်ဖျက်ဆီးချင်လို့ ပျက်အောင်ဖျက်နေတာသာဖြစ်တယ်လို့ SAC အစိုးရရဲ့ ဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်နိုင်ငံခရီးစဉ်မှာ ဖွင့်ဟလာပါတယ်။

“တကယ်တော့ ဂျပန်တွေ မြန်မာနိုင်ငံမှာအများကြီး ဆက်လုပ်တုန်းဖြစ်ပါတယ်။ အင်္ဂလန်ကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေလည်း အများကြီးရှိနေတုန်းပါပဲ။ ထွက်သွားတာတို့ ရပ်သွားတာတို့က တစ်ခုနှစ်ခုပဲရှိတယ်။ ဒါကလည်း ကျွန်တော်တို့တိုင်းပြည်က မလုံခြုံလို့ ရပ်တာမဟုတ်ပါဘူး။ ဒါကလည်း နိုင်ငံရေးအရ ဖြစ်တယ်။ လက်ရှိအစိုးရအပေါ် ဖိအားပေးမှုဖြစ်တယ်။ လက်ရှိအစိုးရရှိနေတဲ့အချိန်မှာ ရင်းနှီးမြှုပ်နှံမှု မလုပ်ဖို့ သက်ဆိုင်ရာနိုင်ငံတွေက ဖိအားပေးတာမျိုးတွေရှိနေပါတယ်။ ဒါကြောင့်ထွက်သွားတာမျိုးတွေရှိခဲ့တာပါ။ တိုင်းပြည်လုံခြုံမှုမရှိလို့ ထွက်သွားရတာမျိုးမဟုတ်ဘူး။ သို့သော် လည်းပဲ ကျွန်တော်ပြောသလိုမျိုး၊ ထွက်တာက တစ်ခုနှစ်ခုပဲရှိပြီး ဆက်လုပ်တာတွေက အများကြီးရှိနေပါတယ်။ရင်းနှီးမြှုပ်နှံမှု ထပ်လုပ်နေတာတွေလည်း အများကြီးပဲ။ဥပမာတစ်ခုပေးရမယ်ဆိုရင် သီလဝါ အထူးစီးပွားရေးဇုန် မြန်မာပြည်မှာရှိပါတယ်။ အဲဒီမှာ ဂျပန်ရင်းနှီးမြှုပ်နှံသူတွေ အများကြီးရှိနေပါတယ်။ ထွက်သွားတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သူဦးရေ တစ်ယောက်နှစ်ယောက်ပဲရှိတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ပြန်ဝင်လာတာက ၆ ယောက်၊ ၇ ယောက်လောက်ရှိတယ်။ အဲဒီတော့ ကျွန်တော်တို့တိုင်းပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ရပ်လိုက်ပြီတို့ ထွက်သွားပြီ ဆိုတာတွေက တိုင်းပြည်ပုံရိပ်ကို ပျက်အောင်ဖျက်နေတာပဲဖြစ်တယ်။ တကယ်ပကတိအခြေအနေနဲ့ ကိုက်ညီမှုမရှိပါဘူး”လို့ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ပြောခဲ့ပါတယ်။

မှန်ပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထွက်သွားခဲ့တာရှိပေမဲ့ အားလုံးကတော့ ထွက်ချင်လို့ ထွက်ရတာမဟုတ်ဘဲ နိုင်ငံရေးအရ ဖိအားပေးလို့ ထွက်ရတဲ့ အခြေအနေပဲရှိပါတယ်။ အဲဒီလိုထွက်လို့လည်း အစိုးရအတွက် အနည်းငယ်ပဲ ထိခိုက်တာဖြစ်ပေမဲ့ ထွက်သွားတဲ့လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ သာမန်ပြည်သူတွေအတွက်တော့ ဒီလို ဘေးကျပ်နံကျပ်ကာလကြီးမှာ အလုပ်လက်မဲ့ဖြစ်ရတာ ဘ၀ပျက်တာပါပဲ။

အခြားသောတစ်ဖက်မှာလည်း အဲဒီလို တိုင်းပြည်ပုံရိပ်ဖျက်ဆီးမှုတွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ထပ်ဝင်မလာတော့တာကြောင့် နိုင်ငံတွင်းမှာ လုပ်ငန်းဆိုင်ရာ ယှဉ်ပြိုင်မှုတွေလျော့ကျလာပြီး လုပ်ခလစာတွေ၊ ခံစားခွင့်တွေ အပြိုင်အဆိုင်တိုးပေးမဲ့ အခွင့်အလမ်းတွေ လျော့ကျကုန်လို့ ကျွမ်းကျင်လုပ်သားတွေအတွက်ပဲ နစ်နာရတာပါ။ အဆိုးဆုံးကတော့ အဲဒီလို နာမည်ဖျက်ထားမှုမျိုးတွေကြောင့် ကမ္ဘာ့ FDI လောကမှာ ပျက်သွားတဲ့နာမည်မျိုးဟာ အဖတ်ဆည်ဖို့ခက်ခဲပြီး အရပ်သားအစိုးရစင်စစ်တက်လာရင်တောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများအပြားဝင်လာဖို့ မလွယ်ကူတော့တာပါဘဲ။

“ငွေရလွယ်အလွယ်လမ်းလိုက်တဲ့ ငွေရှိသူ”

တိုင်းပြည်နဲ့ ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမဲ့ စိုက်ပျိုးမွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေအပေါ် ရင်းနှီးမြှုပ်နှံတာထက် ငွေရလွယ်ပြီး အမြတ်များများရနိုင်မဲ့ လုပ်ငန်းတွေကိုပဲ လုပ်ကိုင်လိုကြတာကို  နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဩဂုတ် ၂၅ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) မှာ ပြောကြားလာပါတယ်။

ဒါ့အပြင် ငွေကြေးဈေးကွက်ကို အဓိက ကစားနေသူတွေဟာ ပြည်တွင်းကျပ်ငွေ၊ နိုင်ငံခြားငွေနဲ့ ရွှေကိုင်ထားကြသူတွေက ဈေးကစားနေကြတာဖြစ်ပြီး နိုင်ငံခြားငွေကိုင်ထားတွေက သူတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေဖို့၊ မြန်မာငွေ ကိုင်ထားသူတွေက ရွှေဝယ်ပြီး ရွှေဈေးတက်အောင် ဆောင်ရွက်နေကြတာကို တွေ့ရသလို မော်တော်ယာဉ်တွေ ဈေးနှုန်းကလည်း ထိုက်သင့်တဲ့ ဈေးနှုန်းထက် များနေတာကို တွေ့ရတယ်လို့ ပြောခဲ့ပါသေးတယ်။

ဒီနေရာမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေမဲ့ စိုက်ပျိုးမွေးမြူရေးတွေ၊ ကုန်ထုတ်လုပ်မှုတွေ လုပ်ဖို့ထက် အိမ်ခြံမြေ၊ ရွှေ၊ ငွေ၊ ဒေါ်လာ၊ ကား စျေးကစားတဲ့နေရာမှာပဲ အလွယ်လိုက်နေတာကတော့ အစိုးရကိုယ်တိုင်က ဒီလိုလုပ်ရပ်မျိုးတွေကို ဥပဒေပြု စနစ်တကျထိန်းကျောင်းမှုမရှိလို့ ဖြစ်နေရတယ်လို့ ဆိုရမှာပါ။

တိုင်းပြည်နဲ့ ပြည်သူလူထုထိခိုက်အောင် ရွှေ၊ ငွေ၊ ဒေါ်လာ စျေးကစားနေသူတွေကို လူကိုအရေးယူ၊ စျေးကစားထားတဲ့ ပိုင်ဆိုင်မှုတွေ သိမ်းဆည်းမယ်ဆိုရင် အိမ်ခြံမြေ၊ ကားတွေကို မိသားစုနေနိုင်ရုံထက်ပိုပြီး မြေကွက် ၂၀၊ ၃၀ ဝယ်၊ ကားအစီး ၄၀၊ ၅၀ ဝယ်ထားတာမျိုးတွေကိုသာ ပိုင်ဆိုင်မှုအလိုက် အခွန်ဆတိုးကောက်တဲ့ ပစ္စည်းခွန်ကောက်ခံခြင်း ဥပဒေလိုမျိုးသာ ပြဌာန်းခဲ့မယ်ဆိုရင် ဒီလိုမျိုး ငွေရလွယ်အလွယ်လမ်းလိုက်ပြီး ရွှေ၊ ငွေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကစားမှုတွေ ချက်ခြင်းပျောက်သွားပြီး ကုန်ထုတ်လုပ်မှုတွေ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေမှာ မြှုပ်နှံလာကြမှာပါ။ ရွှေ၊ ငွေ၊ ဒေါ်လာ၊ အိမ်ခြံမြေ၊ ကား စျေးကစားမှုတွေကို ဥပဒေပြုပြီး စနစ်တကျ မထိန်းဘဲနဲ့တော့ တိုင်းပြည်တိုးတက်စေမဲ့ ကုန်ထုတ်လုပ်မှုတွေ၊ စိုက်ပျိုးမွေးမြူရေးတွေမှာ ငွေရှိသူတွေ မြုပ်နှံလာရေးက သိကြားမင်းဆင်းလာပြီး လုပ်ပေးမှပဲ ရပါလိမ့်မယ်။

“သစ္စာမရှိတဲ့ ပုဂ္ဂလိကဘဏ်”

၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက် NLD အစိုးရဟောင်းလက်ထက်မှာ ပုဂ္ဂလိကဘဏ်တစ်ခုကို ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီဘဏ်အမည်ကတော့ အာရှရန်ကုန်ဘဏ်ဖြစ်ပြီး ဘဏ်ကို ဘာကြောင့် ဖျက်သိမ်းရတာလဲဆိုရင် အာရှရန်ကုန်ဘဏ်က မ,တည်ငွေရင်း တိုးမြှင့်ဖို့ အဆိုပြုငွေအပေါ် စစ်ဆေးရာမှာ အဲဒီငွေတွေဟာ အခွန်ထမ်းဆောင်ပြီး တရားဝင်ရငွေဖြစ်တယ်ဆိုတဲ့ အထောက်အထားမရှိလို့ပါ။ ဒါ့အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးတဲ့ အထောက်အထားတွေမှာလည်း ဘဏ်ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ချိန်က ပေးချေတဲ့ငွေတွေကလည်း အခွန်ဆောင်ထားပြီး တရားဝင်ရငွေလို့ ယူဆမရတဲ့ အထောက်အထားတွေ မပါဝင်တဲ့အတွက် ဘဏ်လိုင်စင်ရုပ်သိမ်းပြီး ဖျက်သိမ်းတာလို့ NLD အစိုးရဟောင်းလက်ထက်က ပြောခဲ့ပါသေးတယ်။

မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေမှာလည်း ပုဒ်မ ၁၅ မှာဆိုရင် ဘဏ်တွေရဲ့ လုပ်ငန်းလိုင်စင်ကို ရုပ်သိမ်းနိုင်တဲ့ အချက် ၁၇ ချက်ကို ပြဌာန်းထားပြီး လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံက ဘဏ်တချို့ဟာ လုပ်ငန်းလိုင်စင်ရုပ်သိမ်းခံရနိုင်တဲ့ “(ဋ) လိုင်စင်ကို ဆက်လက်ခွင့်ပြုခြင်းဖြင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်ခြင်း ဆိုတဲ့ ပုဒ်မနဲ့ (ဌ) လိုင်စင်ကို ဆက်လက်ခွင့်ပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုကို ထိခိုက်ခြင်း” ဆိုတဲ့ ပုဒ်မတွေကို ဖောက်ဖျက်ကျုးလွန်နေတဲ့ အခြေအနေဖြစ်နေတယ်လို့ ယူဆစရာတွေ ရှိလာနေပြီဖြစ်ပါတယ်။

အဲဒါကြောင့်လည်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဘဏ်စနစ်ပြိုလဲသွားရင် တိုင်းပြည်စီးပွားရေးပြိုလဲမှာဖြစ်တဲ့အတွက် ဘဏ်တွေ အခုလက်ရှိ ရှိနေတဲ့ဘဏ်တွေကို ကျွန်တော်တို့အနေနဲ့ အကူအညီပေးခဲ့တာတွေ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့က အကူအညီပေးနိုင်သမျှ အကူအညီပေးခဲ့တယ်။ ဗဟိုဘဏ်ကနေ ထောက်ပံ့ပြီး ရပ်တည်ခဲ့ရတယ်။ ခုအချိန်မှာ အဲဒီထဲက တချို့သောဘဏ်တွေကလည်း သိပ်တော့သစ္စာမရှိဘူး။ သစ္စာတော့သိပ်မရှိဘူး။ အဲဒီတော့ ခုနကပြောတဲ့ တည်ငြိမ်ရေးနဲ့ ပတ်သက်ပြီး ဘဏ်ရယ်၊ UMFCCI ရယ် ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိတယ်။ သူတို့လုပ်ဆောင်ချက်အပေါ်မှာ ကျွန်တော်တို့ကြည့်နေတယ်” လို့ လက်ရှိဖြစ်ပေါ်နေတဲ့ ကျပ်ငွေတန်ဖိုးကျဆင်းအောင် ဒေါ်လာစျေးဆွဲတင်နေတဲ့ ဖြစ်စဉ်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် SAC ဥက္ကဋ္ဌကလည်း ဩဂုတ် ၂၅ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီ အစည်းအဝေးအမှတ်စဉ် (၇/၂၀၂၃) မှာ “မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရ စတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲသွားပါက တိုင်းပြည်စီးပွားရေးပြိုလဲသွားနိုင်သဖြင့် မိမိကိုယ်တိုင်တာဝန်ရှိသူများဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင်ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ် မလုပ်နိုင်စေရန်ဆောင်ရွက်ခဲ့မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန်အထိလည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင် ရွက်မှုမရှိ သည်ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း” လို့ အထူးပြု ပြောကြားခဲ့တာကို တွေ့ရပါတယ်။

အရင်အစိုးရတွေ လက်ထက်တုန်းကလည်း ပုဂ္ဂလိကဘဏ်တချို့ဟာ အစိုးရစျေးနဲ့ ရောင်းပေးတဲ့ ဒေါ်လာတွေကို ဒေါ်လာစျေးတက်ရင် ထုတ်မရောင်းတော့ဘဲ စျေးဆွဲတင်တာမျိုး လုပ်ခဲ့တယ်လို့ ဝေဖန်မှုတွေ မကြာခဏခံနေရတာဖြစ်ပြီး အဲဒီလို စျေးဆွဲတင်မှုတွေ အရေးယူတာ မရှိလို့ လက်ရှိအခြေအနေမှာ ဒေါ်လာစျေးဟာ ဖြစ်သင့်တဲ့နှုန်းထက် ကျပ် ထောင်ဂဏန်းများပြားနေတာကိုလည်း တွေ့ရပါတယ်။

သေချာတာကတော့ အဲဒီလိုမျိုး ပုဂ္ဂလိကဘဏ်တစ်ခုဟာ တိုင်းပြည်နဲ့ ပြည်သူ ကျပ်တည်းအောင် ငွေကြေးစျေးကစားလာပြီး၊ ငွေရေးကြေးရေးမတည်ငြိမ်အောင်လုပ်လာပြီဆိုရင်တော့ ထပ်သတိပေးတာထက် စံပြအဖြစ် ဥပဒေနဲ့အညီ လိုင်စင်ရုပ်သိမ်းခံရနိုင်တာမို့လို့ ဒီလိုမဖြစ်ရအောင် စျေးကစားတဲ့ဘဏ်တွေဟာ ပြည်သူ့မျက်နှာကြည့်ပြီး ဆင်ခြင်ဖို့ လိုအပ်ပါတယ်ဆိုတာကို တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *