ပြပွဲအတွင်း ပြသရန်အတွက် ပြင်ဆင်ထားမှုနှင့် Modular House နှစ်ထပ်အိမ်အတွင်း ရန်ကုန်တိုင်းဝန်ကြီးက ကြည့်ရှုစစ်ဆေးနေမှုကို တွေ့ရစဉ်။
၁၉. ၈. ၂၀၂၃
Written by Nyein Kyaw
ပြည်ပမှ ဆောက်လုပ်ရေးပစ္စည်များ တင်သွင်းမှုလျှော့ချနိုင်ရန်အတွက် တန်ဖိုးနည်းအိမ်ရာနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရာတွင် ပြည်တွင်းကုန်ကြမ်း ရာခိုင်နှုန်း ၈၀ ခန့်အထိ အသုံးပြုထားသည့် Modular House များကို အစားထိုးတည်ဆောက်နိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းချုပ် (MCEF) ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ဩဂုတ်လ ၁၈ ရက်တွင် ပြုလုပ်သည့် မြန်မာ့ ဆောက်လုပ်ရေး၊ အိမ်ရာနှင့် ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာ ပြပွဲကြီး အခမ်းအနားတွင် ပြောကြားခဲ့သည်။
“အဆောက်အဦနဲ့ပတ်သက်ပြီးတော့ ပြတဲ့အခါမှာ Modular House တွေ တွေ့ရမှာပါ။ ဒီဟာတွေက သုံးရက်နဲ့ ကျွန်တော်တို့ဆောက်ထားတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ကျွန်တော်တို့သွားတဲ့အခါမှာ နောက်ဆုံးစနစ်တွေက သုံးထပ်တိုက် အဆောက်အဦတစ်လုံးကို စက်ရုံကထွက်လာပြီးရင် သုံးရက်နဲ့ပဲ သုံးထပ်တိုက်တစ်လုံးကို ဆောက်နိုင်တဲ့အဆင့်၊ ဂျပန်မှာဆိုလို့ရှိရင် သူတို့စမ်းသပ်တဲ့ဆီ ကျွန်တော်တို့ အသင်းအနေနဲ့ ရောက်သွားပါတယ်။ သူတို့မှာငလျင်တွေ ၈ ဒသမ ၅ နဲ့ ၉ အထိ ခံနိုင်တဲ့ အဆောက်အဦတွေကို အားလုံးကိုအကြိမ်ပေါင်း ၅,၀၀၀ လောက် စမ်းသပ်ပြီးမှ ဒီအဆောက်အဦတွေကို ထုတ်လုပ် တာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ကျွန်တော်တို့ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ နည်းစနစ်တွေနဲ့ ပြည်တွင်းက ထုတ်နိုင်တဲ့ ပြည်ပအစားထိုး အဆောက်အဦတွေကိုလည်း စမ်းသပ်ပြီးတော့ စတင် လုပ်ဆောင်နေပါတယ်။ တစ်ထပ်၊ နှစ်ထပ်လေးတွေ ကျွန်တော်တို့ အချိန်နဲ့ တစ်ပြေးညီပေါ့။ အဆောက်အဦတစ်လုံးကို သက်လည်းသက်သာရမယ်။ မြန်မာနိုင်ငံက ထွက်တဲ့ပစ္စည်း ၇၀ နဲ့ ၈၀ ရာခိုင်နှုန်းလောက်ကို သုံးပြီးမှ ဝန်ထမ်းအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာ စသည်ဖြင့် လုပ်ဆောင်မှုအတွက်လည်း အသင်းအနေနဲ့ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်” ဟု MCEF ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ Modular House တည်ဆောက်မည်ဆိုပါက Foundation တည်ဆောက်မှု မပါဝင်ဘဲ တစ်ထပ်အိမ်တစ်လုံးအတွက် ကျပ်သိန်း ၁၅၀ ဝန်းကျင်နှင့် နှစ်ထပ်အိမ်တစ်လုံးအတွက် ကျပ်သိန်း ၃၀၀ ဝန်းကျင် ကုန်ကျမည်ဖြစ်ကြောင်း မြန်မာ့ဆောက်လုပ်ရေး၊ အိမ်ရာနှင့် ပြန်ပြည့်မြဲ စွမ်းအင်ဆိုင်ရာ ပြပွဲကြီး အခမ်းအနားမှ သိရသည်။

ယင်းကဲ့သို့ ပြည်တွင်းတန်ဖိုးနည်းနှင့် ဝန်ထမ်းအိမ်ရာများကို ဈေးနှုန်းသက်သာပြီး တည်ဆောက်မှု အချိန်မြန်ဆန်သည့် Modular House ဖြင့် တည်ဆောက်နိုင်ရန်အတွက် လက်ရှိတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ဒါနဲ့ပတ်သက်ပြီးတော့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့လည်း ပူးပေါင်းပြီးတော့ လုပ်ဆောင်မှု အခန်းကဏ္ဍတွေလည်း ပါဝင်မှာဖြစ်ပါတယ်” ဟု MCEF ဥက္ကဋ္ဌ ဦးရှိန်ဝင်းက ပြောသည်။
ပြည်သူများအတွက် ပြင်ပငှားရမ်းခများထက် သက်သာသည့် နှုန်းထားများဖြင့် ငှားရမ်းနေထိုင်နိုင်ရေး နေပြည်တော်၊ မန္တလေး၊ ရန်ကုန်မြို့တို့တွင် ပြည်သူ့အငှားအိမ်ရာများကို နိုင်ငံတော်အဆင့် စီမံကိန်းတစ်ခုအနေဖြင့် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပုံစာ- ပြပွဲအတွင်း ပြသရန်အတွက် ပြင်ဆင်ထားမှုနှင့် Modular House နှစ်ထပ်အိမ်အတွင်း ရန်ကုန်တိုင်းဝန်ကြီးက ကြည့်ရှုစစ်ဆေးနေမှုကို တွေ့ရစဉ်။ (ဓာတ်ပုံ- MT News/ TSG Modular)







