၁၉. ၈. ၂၀၂၃
Written by Thuta Zaw

ရေကြည်မြို့နယ်တွင် ရန်ကုန်တိုင်းအတွင်း နေထိုင်သူ နှစ်ဦးထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့ပြီး လက်နက်များလာရာ လမ်းကြောင်းနှင့် ပေးပို့မည့် နေရာကို စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက် မနက်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များသည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သီရိရတနာလမ်းရှိ သီရိရတနာတည်းခိုခန်း၊ အခန်းအမှတ်(A-11)သို့ ဝင်ရောက် ရှာဖွေခဲ့ရာ အခန်းအတွင်း တည်းခိုနေသူ အသက် ၃၇ နှစ်အရွယ် စိုးမင်းအောင် (ခ) ကိုကျော်နှင့် အသက် ၂၈ နှစ်အရွယ် ငြိမ်းဇော်ထွေးတို့ကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းဇော်ထွေးက ဒဂုံဆိပ်ကမ်း မြို့နယ်က။ စိုးမင်းအောင်က လှိုင်သာယာကပါ။ နှစ်ယောက်စလုံး ရန်ကုန်ကပဲ။ အခုတော့ လက်နက်တွေ ဘယ်လိုရလဲ၊ ဘယ်ပို့မလဲ စစ်နေတယ်။ မသင်္ကာစရာ လူနှစ်ယောက်ရှိတယ်လို့ သတင်းရတာနဲ့ ဝင်စစ်တာမှာ မိတာ။ စိုးမင်းအောင်က သူတို့ လက်နက်သယ်လာတာကို အရင် ထွက်ဆိုတာ။ လုပ်ငန်းစဉ်တွေက မပြီးသေးတော့ ဆက်ပြီး ဆောင်ရွက်နေတုန်းပါ” ဟု အဆိုပါ ရဲတပ်ဖွဲ့ နှင့် နီးစပ်သူက ဆိုသည်။

၎င်းတို့စီးလာသော အဖြူရောင် TOYOTA COROLLA အဖြူရောင် ယာဉ်အတွင်းမှ မတပ်ဆင်ရသေးသော M-4 သေနတ် ၃ လက်၊ အမေရိကန်လုပ် ပစ္စတိုသေနတ် ၁ လက်၊ ၉ မမ ကျည် တို့ကို သိမ်းဆည်း ရမိထားကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *