▪️ တစ်လအတွင်း ဒေါ်လာနှင့် ရွှေဈေးနှုန်း ရာခိုင်နှုန်း ၂၀ ကျော် မြင့်တက်လာ

၁၈. ၈. ၂၀၂၃
Written by Nyein Kyaw

ကမ္ဘာရွှေဈေး တစ်အောင်စကို ဒေါ်လာ ၁,၉၀၀ အောက်အထိ ဆက်တိုက်ကျဆင်းခဲ့သော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း ကျပ် ၃,၉၀၀ ကျော်အထိမြင့်တက်ခဲ့သဖြင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၉၇၀,၀၀၀ သို့ရောက်ရှိခဲ့ကြောင်း ပြည်တွင်း‌ ရွှေအရောင်းဆိုင်များမှ သိရသည်။

ဩဂုတ်လ ၁၈ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စကို ၁,၈၉၃ ဒေါ်လာသာရှိ၍ ဩဂုတ်လဆန်းပိုင်းနှင့် နှိုင်းယှဉ်ပါက နှစ်ပတ်ကျော်အတွင်း ဒေါ်လာ ၄၀ ကျော် ဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ဩဂုတ်လ ၁၈ ရက် (ယနေ့)တွင် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၃,၉၆၀ နှင့် ဝယ်ဈေး ကျပ် ၃,၉၂၀ အထိမြင့်တက်ခဲ့၍ ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၉၇၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၉၆၀,၀၀၀ သို့ ရောက်ရှိလာခဲ့သည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၂ ရက်တွင်မူ ပြည်တွင်းရွှေဈေးသည် ကျပ် ၃၅ သိန်းသို့ စတင်၍ရောက်ရှိခဲ့ပြီး ထို့နောက် ဆက်တိုက်မြင့်တက်ခဲ့ရာ ဩဂုတ်လ ၁၈ ရက် (ယနေ့)တွင် ဖြစ်ပေါ်သည့် ဒေါ်လာဈေးနှုန်းနှင့် ရွှေဈေးနှုန်းများသည် ဇူလိုင်လ ၂၁ ရက်နှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင် ( ၂၅ ရာခိုင်နှုန်းကျော်)နှင့် ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၀၀,၀၀၀ ကျော် (၂၁ ရာခိုင်နှုန်းကျော်) ကျော်မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄,၃၀၀ အထိ မြင့်တက်ခဲ့စဉ် ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်ဆုံးအဖြစ် ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ် ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၂၀ ကျပ်၊ ဩဂုတ်လ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၇၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၃၀ ကျပ်၊ ဩဂုတ်လ ၁၅ ရက်တွင် ရွှေဈေးနှုန်း ၃,၈၁,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၇၈၀ ကျပ်၊ ဩဂုတ်လ ၁၆ ရက်တွင် ရွှေဈေးနှုန်း ၃,၈၁၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၈၄၀ ကျပ်၊ ဩဂုတ်လ ၁၇ ရက်တွင် ရွှေဈေးနှုန်း ၃,၈၆၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၈၆၀ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *