၁၈. ၈. ၂၀၂၃
Written by Nay Aung

ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုအများဆုံးနိုင်ငံများတွင်ပါဝင်နေသော အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှုများကို ပိတ်ပင်လိုက်သလို ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ဆန်ဈေးနှုန်းများလည်း မြင့်တက်နေခြင်းကြောင့် ဆန်ဝယ်ယူသည့်နိုင်ငံများသည် ဆန်တင်သွင်းနိုင်မည့် နိုင်ငံအပြောင်းအလဲလုပ်ဆောင်လာဖွယ်ရှိနေရာ မြန်မာနိုင်ငံက ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုများကို လက်ရှိထက်ပိုမိုတိုးမြှင့်တင်ပို့ရန် အစီအစဉ်များကို လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။

ကမ္ဘာဆန်တင်ပို့မှုများ အခက်အခဲများရှိနေခြင်းက မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုပိုမိုကောင်းမွန်လာစေရန်အတွက် အကူအညီများဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံသည် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုများမှ နှစ်စဉ်အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ရရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောဆိုထားသည်။

မြန်မာအစိုးရသည် ပြည်ပနိုင်ငံများသို့ အရည်အသွေးကောင်းမွန်သည့် ဆန်များကို ဦးစားပေးရောင်းချရန် ဆုံးဖြတ်လိုက်ပြီးနောက် ဧပြီလမှ ဇူလိုင်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုများမှ အမေရိကန်ဒေါ်လာ ၁၃၈ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ အချက်အလက်များအရ သိရသည်။

ကမ္ဘာဆန်တင်ပို့မှုအများဆုံး နိုင်ငံများတွင် ပါဝင်နေသည့် အိန္ဒိယနိုင်ငံသည် လာမည့်နှစ် အစောပိုင်းတွင်ကျင်းပမည့်အထွေထွေရွေးကောက်ပွဲမတိုင်ခင် ပြည်တွင်းဈေးနှုန်းများကို ထိန်းနိုင်ရန်အတွက် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှုများ ပြုလုပ်နေခြင်းကို ပိတ်ပင်ခဲ့ရာ ဆန်တင်ပို့ခြင်းလည်းပါဝင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက ပြည်ပသို့ဆန်တင်ပို့မှု ရပ်ဆိုင်းလိုက်ခြင်းသည် ဆန်တင်ပို့ရာတွင် မြန်မာနိုင်ငံ၏ ဒေသအတွင်းပြိုင်ဘက်နိုင်ငံအချို့ကို ၁၅ နှစ်အတွင်း ဆန်ဈေးနှုန်းများအမြင့်ဆုံးရောက်ရှိလာစေရန် တွန်းအားပေးလိုက်သကဲ့သို့ဖြစ်ခဲ့ကြောင်း သိရသည်။

ဦးရဲမင်းအောင်က”ပြည်ပနိုင်ငံတွေကို အရည်အသွေးကောင်းမွန်တဲ့ဆန်တွေကိုသာ တင်ပို့နိုင်ရေးကို အာရုံစိုက်လုပ်ဆောင်မှာဖြစ်ပေမယ့်လည်း ဆန်တင်ပို့မှုနဲ့ပတ်သက်ပြီး အခွင့်အရေးကောင်းတွေရယူဖို့ မျှော်လင့်ထားပါတယ်”ဟု ပြောခဲ့သည်။

အရည်အသွေးကောင်းမွန်သည့် ဆန်များရောင်းချရာတွင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၇၀၀ ရရှိပြီး အရည်အသွေးမကောင်းသော ဆန်များရောင်းချရာတွင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၀၀ နှင့် ၄၀၀ ကြားသာရရှိကြောင်း၊ အရည်အသွေးကောင်းမွန်သည့်ဆန်များတင်ပို့ခြင်းက ဆန်ဝယ်ယူသည့် ဖောက်သည်များကို ကန့်သတ်လိုက်သလိုဖြစ်ခဲ့ပြီး ချမ်းသာသောနိုင်ငံများကိုသာ တင်ပို့ရန်ကန့်သတ်လိုက်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။

မြန်မာနိုင်ငံမှထွက်ရှိနေသည့် ဆန်ကို တရုတ်၊ ဖိလစ်ပိုင်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့က ဝယ်ယူလျက်ရှိနေကြောင်း သိရသည်။
Ref- — bnnbloomberg

Leave a Reply

Your email address will not be published. Required fields are marked *