၁၅. ၈. ၂၀၂၃
Written by Nyein Kyaw

ယနေ့ ဩဂုတ်လ ၁၅ ရက်တွင် ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃,၇၁၀ အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်းသည်လည်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၈ သိန်းသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းရွှေအရောင်းဆိုင်များမှ သိရသည်။

ဩဂုတ်လ ၁၅ ရက်တွင် ကမ္ဘာ့ရွှေဈေးနှုန်းမှာ တစ်အောင်စကို ၁,၉၀၄ ဒေါ်လာသာရှိပြီး ခြောက်ရက်အတွင်း ဒေါ်လာ ၃၀ ကျဆင်းခဲ့သည်။ သို့သော် ပြင်ပငွေကြေးဈေးကွက်တွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၃,၇၁၀ နှင့် ဝယ်ဈေး ကျပ် ၃,၆၈၀ အထိဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ရောင်းဈေး ကျပ် ၃,၈၀၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၉၀,၀၀၀ အထိဖြစ်ပေါ်ခဲ့သည်။

ဇူလိုင်လ ၂၁ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၂ ရက်တွင်မူ ပြည်တွင်းရွှေဈေးသည် ကျပ် ၃၅ သိန်းသို့ စတင်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းများဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄,၃၀၀ အထိ မြင့်တက်ခဲ့စဉ် ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်ဆုံးအဖြစ် ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ် ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၆၅၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၆၀ ကျပ်၊ ဩဂုတ်လ ၁၀ ရက်တွင် ရွှေဈေးနှုန်း ၃,၆၇၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၄၀ ကျပ်၊ ဩဂုတ်လ ၁၁ ရက်တွင် ရွှေဈေးနှုန်း ၃,၆၈၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၅၆၀ ကျပ်၊ ဩဂုတ်လ ၁၂ ရက်တွင် ရွှေဈေးနှုန်း ၃,၆၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၂၀ ကျပ်၊ ဩဂုတ်လ ၁၃ ရက်တွင် ရွှေဈေးနှုန်း ၃,၇၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၂၀ ကျပ်၊ ဩဂုတ်လ ၁၄ ရက်တွင် ရွှေဈေးနှုန်း ၃,၇၃၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၆၃၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *