၁၄. ၈. ၂၀၂၃
Written by Pan Ei

အိန္ဒိယနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး မနေ့က မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့လူတွေ ပိတ်မိပြီး ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတွေက ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

ပုံမှန်မဟုတ်တဲ့ မိုးသည်းထန်စွာရွာသွန်းတာတွေနဲ့ ရေခဲမြစ်တွေအရည်ပျော်တာတွေက အိန္ဒိယနိုင်ငံရဲ့ တောင်တန်းဒေသတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ နီပေါတို့မှာပါ လူအသေအပျောက်များတဲ့ ရေကြီးမှုတွေကို ဖြစ်ပေါ်စေတာကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်ကစပြီး အစိုးရတာဝန်ရှိသူတွေက ရာသီဥတုဖောက်ပြန်ပြောင်းလဲတာကို ပိုမိုအပြစ်တင်လာခဲ့ကြပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-14_15-37-20-2.jpg

လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် ဟီမာချယ် ပရာဒက်ရှ် ပြည်နယ်မှာ ခုလိုဖြစ်ရပ်ဆိုးတွေ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Sukhvinder Singh က ပြောကြားခဲ့ပြီး မိုးများပြီး မြေပြိုကျမှုကြောင့် အိမ်တွေ၊ ဘတ်စ်ကားတွေနဲ့ အိမ်စီးကားတွေဟာ ရေစီးနဲ့မျောပါကာ ချောက်ကမ်းပါးစွန်းမှာ တွဲလောင်းဖြစ်နေတယ်လို့သိရပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေကတော့ အပျက်အစီးတွေကို ရှင်းလင်းနေကြတယ်လို့ သိရပါတယ်။

လူအသေအပျောက်အများဆုံးဖြစ်ရပ်တစ်ခုအနေနဲ့ ပြည်နယ်မြို့တော် ရှီမလာ က ဘုရားကျောင်းတစ်ခုပြိုကျခဲ့ရာ ကယ်ဆယ်ရေးသမားတွေက ဘုရားကျောင်းအပျက်အစီးတွေအောက်ကနေ အနည်းဆုံး ရုပ်အလောင်းကိုးခုကို ရှာတွေ့ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

This image has an empty alt attribute; its file name is photo_2023-08-14_15-37-21.jpg

စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကို ပိတ်ထားဖို့ တာဝန်ရှိသူတွေက အမိန့်ထုတ်ထားပြီး လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းထားတယ်လို့လည်း သိရပါတယ်။

ဟီမာချယ် ပရာဒက်ရှ် ပြည်နယ်၊ ဆိုလန်မြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနည်းဆုံး လူခုနစ်ဦးသေဆုံးကာ မန်ဒီခရိုင်မှာလည်း အိမ်ပြိုကျမှုကြောင့် မိခင်နဲ့ ကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *