၁၄. ၈. ၂၀၂၃
Written by Min Mahar
နှစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးသာ ချန်ထားခဲ့ပြီး မိသားစုဝင် ငါးဦးစလုံး၏ လည်ပင်းအား ဓားဖြင့်လှီးဖြတ်၍ သ-တ်ဖြတ်ခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုတစ်ခု ကန့်ဘလူမြို့နယ်တွင် ဩဂုတ်လ ၁၃ ရက်၊ မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၊ ဘူးကုန်းကျေးရွာအုပ်စု၊ ဘူးကုန်းကျေးရွာနေသူများဖြစ်သည့် ဦးမြင့်ဆွေ(၆၄)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ကြည်ဌေး(၅၅)နှစ်၊ သားဖြစ်သူ ကိုစိုးမြင့်လွင်ဦး(၃၂)နှစ်၊ ၎င်း၏ဇနီးဖြစ်သည့် ကျန်းမာရေးဝန်ထမ်း (သားဖွားဆရာမ) မဖြိုးသီရိလှိုင်(၃၁)နှစ်တို့ မိသားစုဝင် လေးဦးသည် တူမဖြစ်သူ မမာမာလင်း(၃၈)နှစ် (ဦးမြင့်ဆွေ အကိုအရင်း၏သမီးဖြစ်သူ)နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ကန့်ဘလူ-ကျွန်းလှသွားကားလမ်းဘေး၊ ကျွန်းလှမြို့အထွက် အင်ကြင်းဥယျာဥ်အနီးတွင် PDF များကို ကြောက်၍ လာရောက်တိမ်းရှောင်နေထိုင်ကြသည်ဟု ဆိုသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၁၃ ရက်၊ မနက် ၉ နာရီခွဲကျော်ခန့်က ထိုအိမ်သို့ အသက် ၄၃ နှစ်ရှိ မမာမာလင်း ၏အမအရင်းဖြစ်သူသည် ၎င်း၏ခင်ပွန်း ဖြစ်သူနှင့်အတူ စပါးများအား ကားဖြင့် တင်ဆောင်လာပြီး စပါးများထားရန်ရောက်လာစဉ် နေအိမ်ရှေ့ရောက်သောအခါ ခေါ်မရဘဲ တိတ်ဆိတ်နေပြီး ညီမဖြစ်သူ မမာမာလင်း၏ သမီးဖြစ်သူ နှစ် နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦးတည်းသာ ငိုနေသံကြားသဖြင့် နေအိမ်အတွင်းဝင်ရောက်ကြည့်ရှုရာ ညီမဖြစ်သူ မမာမာလင်းနှင့်အတူ ဦးလေးဖြစ်သူ ဦးမြင့်ဆွေ၏မိသားစုဝင် လေးဦး(စုစုပေါင်း ငါးဦး)တို့မှာ မျက်စိများအား ပုဆိုးစဖြင့်စည်းထား၍ လက်များကိုလည်း ပုဆိုးစဖြင့်နောက်ပြန်တုတ်ထားကာ လည်ပင်းများတွင် ဓါးလှီးဖြတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရသဖြင့် ခင်ပွန်းဖြစ်သူက ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားခဲ့ကြောင်း မမာမာလင်း၏ အမဖြစ်သူ ပြောပြချက်အရ သိရသည်။
သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ နေအိမ်ရှိပစ္စည်းများနှင့် ဖုန်းများပျောက်ဆုံးခြင်းမရှိပဲ မိသားစုဝင် ငါးဦးသာ လည်လှီးသ-တ်ဖြတ်သွားကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူ တစ်ဦးက ဆိုထားသည်။

” အသ-တ်ခံရတဲ့မိသားစုထဲက မာမာလင်းနဲ့ ဖြိုးသီရိလှိုင်တို့နှစ်ယောက်က ကျန်းမာရေးဝန်ထမ်းတွေဖြစ်ပြီး သားဖွား ဆရာမတွေဖြစ်တယ်။ မာမာလင်းရဲ့ဦးလေးမိသားစုက သူတို့ရွာမှာ PDF တွေကိုကြောက်လို့ အခုနေရာမှာ လာရှောင်နေရင်း အသ-တ်ခံရတာပဲ။ မာမာလင်းရဲ့ သမီးလေးကလည်း အရမ်းငယ်သေးတော့သနားပါတယ်။ မာမာလင်းရဲ့လည်ပင်းကို ဓားနဲ့လှီးထားတဲ့အပြင် နောက်ကြောကိုပါ သုံးချက်ဓားနဲ့ထိုးထားသေးတယ်။ ပြီးတော့ စိုးမြင့်လွင်ကိုလည်း လည်းလှီးတဲ့အပြင် ရင်အုံကိုလည်း ဓားနဲ့တစ်ချက်ထိုးထားပြီး ကျန်တဲ့ ၃ ယောက်ကိုတော့ လည်ပဲလှီးဖြတ်ပြီး သ-တ်သွားတာလို့ကြားတယ်။ ဘာကြောင့် ဘယ်သူက ဘယ်အချိန်ထဲက သ-တ်တာလို့တော့ မသိရသေးပေမဲ့ သားဖွားဆရာမနှစ်ယောက်က CDM မလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တယ်။ ပြီးတော့ မာမာလင်းရဲ့အမယောကျ်ားကလည်း မြို့နယ်ထွေအုပ်ကလို့ ပြောတယ်။ အဲ့ဒါကြောင့်များ လာသ တ်သွားသလို တီးတိုးတီးတိုးပြောနေကြတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက MT News သတင်းဌာနသို့ ပြောပြသည်။


