၁၄. ၈. ၂၀၂၃
Written by Naing Thuta
NUG၊ CRPH၊ PDF အဖွဲ့များဖြင့် ပတ်သက်ဆက်နွယ်နေကြောင်းတွေ့ရှိရသဖြင့် မန္တလေးမြို့ရှိ “အောင်မြန်မာ” စာရေးကိရိယာအမျိုးမျိုးဆိုင်ပိုင်ရှင်နှင့် သမီး သုံးဦးကို ဩဂုတ်လ ၁၃ ရက်နေ့လည်က ဖမ်းဆီးပြီး နေအိမ်ကိုပါ ချိတ်ပိတ်လိုက်ကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ အိမ်အမှတ်(၁၁၃)၊ လမ်း ၈၀ နှင့် ၈၁ လမ်းကြား၊လမ်း ၃၀ ပေါ်ရှိ “အောင်မြန်မာ”စာရေးကိရိယာအမျိုးမျိုးဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်မြင့်မြင့်သန်းနှင့် သမီးသုံးဦးတိုသည် NUG၊ CRPH၊ PDF အဖွဲ့များအား ငွေကြေး၊ ရိက္ခာများအား ထောက်ပံ့ပေးနေကြောင်း တွေ့ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝင်ရောက် ဖမ်းဆီးပြီး ပေ ၃၀x၈၀ မြေကွက်ပေါ်ရှိ RC သုံးထပ်ထိုက်(ကာလတန်ဖိုး သိန်းနှစ်သောင်းခွဲ)ခန့်ရှိသော ခြံနှင့် နေအိမ်တို့ကိုပါ ချိတ်ပိတ်၍ သိမ်းဆည်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးသွားသူတို့အား သက်ဆိုင်ရာအဖွဲ့များမှ စစ်ဆေးမှုများဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး အမှုကွင်းဆက်များကို ဖော်ထုတ်ကာ အရေးယူသွားမည်ဟုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။





