၁၃. ၈. ၂၀၂၃
Written by Thuta Zaw

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာကို PDF များက သြဂုတ်လ ၁၂ ရက်တွင် လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များနှင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့် ကလေးငယ် နှစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ခြောက်ဦး သေဆုံးပြီး သုံးဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့နယ်၊ ယမနေကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF များက နံနက် ၆ နာရီခွဲခန့်တွင် ကျေးရွာ၏ အရှေ့မြောက်ဘက်မှနေ၍ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်လာသဖြင့် လုံခြုံရေးတပ်ဖွဲဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာကျေးရွာ၏အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး PDF များထံမှ အလောင်းနှင့်ခဲယမ်းဆက်စပ်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့သည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအတွင်းရှိ အသက် ၅ နှစ်နှင့် ၁၀ နှစ်အရွယ် ကလေးငယ် နှစ်ဦးအပါအဝင် အပြစ်မဲ့ဒေသခံပြည်သူ ခြောက်ဦး သေဆုံးခဲ့ပြီး သုံးဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကာ ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းအတွင်းရှိ စာသင်ဆောင် အဆောက်အဦ နှစ်လုံးမှာ လက်နက်ကြီးထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပြစ်မဲ့ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ဆက်လက်ဆေးဝါးကုသနိုင်ရေးအတွက် ကန့်ဘလူမြို့ ပြည်သူ့ဆေးရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *