▪️ကြိုးစားသော်လည်း NUG အပယ်ခံ ဘဝ ရောက်နေသူများ ရှိဟု ဆို

၁၂.၈.၂၀၂၃
Written by Thuta Zaw

အညာဒေသတွင် ဗမာ့အမျိုးသားတော်လှန်ရေးတပ် ဖွဲ့စည်းရန် လုပ်နေပြီး NUG ၏ အပယ်ခံ တော်လှန်ရေး ရဲဘော်များ၊ အဖွဲ့များကို ဖိတ်ခေါ်ကြောင်း ဗိုလ်နဂါးက ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် Live အတွင်း ဖိတ်ကြားလိုက်ပြီး ကြိုးစားသော်လည်း NUG ၏ အပယ်ခံဘဝ ရောက်နေသူများ ရှိကြောင်းပါ ထည့်သွင်း ပြောကြားခဲ့သည်။

မကြာသေးမီကာလကလည်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက ကျေးရွာတစ်ရွာသို့ ပြောင်းရွှေ့လာသော ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဇေယျာလွင် ဦးဆောင်သည့် 96 Soldiers (PDF) ကို လက်မခံရန် NUG က စာထုတ်ပြန်ခဲ့ပြီး အဆိုပါ စာကို ကိုဇေယျာလွင် က ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ်စာထက်တွင် ပြန်တင်ခဲ့ကာ အလားတူ ဒေသ ကာကွယ်ရေးတပ် (LPDF) များကို NUG ဩဇာခံ PDF များ၊ ပကဖများက ဖမ်းဆီးခြင်း၊ သ-တ်ဖြတ်ခြင်းများလည်း ရှိနေသည်။

“အပယ်ခံတော်လှန်ရေးရဲဘော်တွေ တကယ်ရှိပါတယ်။ အခြေအနေအရ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မချိတ်ဆက်နိုင်ဘူး။ အစိုးရနဲ့ မချိတ်ဆက်ပြန်ဘူး။ ချိတ်ဆက်ပြန်တော့လည်း အခြေအနေအရ ကြားခံတွေနဲ့ အဆင့်ဆင့် ဖြတ်ကျော်ပြီးတော့ သွားရတဲ့ အနေအထားမှာ သက်ဆိုင်ရာ အကြီးအကဲတွေဆီတောင် မရောက်သွားပဲနဲ့ လမ်းမှာတင် သူတို့ရဲ့ စာရင်းတွေ ပျောက်သွားတယ်။ အဖြုတ်ချခံလိုက်ရတဲ့ အဖွဲ့အစည်းတွေ၊ ရဲဘော်တွေ ရှိပါတယ်” ဟု ဗိုလ်နဂါးက ပြောခဲ့သည်။

အောက်ခြေတွင် ယုံကြည်သူများကိုသာ ဦးစားပေး ခန့်ထားသည့် အနေအထားတွင် မြေပြင်က လူများနှင့် ကင်းကွာကာ အဆိုပါ ခန့်ထားသူများ၏ စိတ်တိုင်းကျ သို့မဟုတ် နီးစပ်သူများသာ အသိအမှတ်ပြုခံရပြီး ကြိုးစားသော်လည်း အတော်များများသည် အပယ်ခံရဲဘော်များဘဝ၊ အပယ်ခံအဖွဲ့အစည်းများ ဘဝကို ရောက်နေကြသူများ ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“အခုလည်း စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာ အဲ့ဒီလိုပဲ အပယ်ခံရဲဘော်တွေလို့ပဲ ဆိုဆိုပေါ့နော် CoC (Chain of Command) အောက်ဝင်ချင်တာတောင် ဝင်ခွင့်မရတဲ့ သူတွေ၊ အခြေအနေအရ ဒေသတွင်းမှာ စီမံခန့်ခွဲဖို့ တာဝန်ပေးအပ်ထားတဲ့ လူတွေရဲ့ အကျင့်စရိုက်၊ အုပ်ချုပ်မှုကို မကြိုက်လို့ CoC အောက် တိုက်ရိုက်မဝင်ချင်တဲ့သူတွေ အားလုံး စနစ်ကျတဲ့ တပ်တစ်ခု Chain of Command ဆိုတဲ့ နေရာကို သွယ်ဝိုက်ပြီးတော့ ပူးပေါင်း ပါဝင်နိုင်ဖို့၊ စစ်သည်တော်ကျင့်ဝတ်တွေကို လေးစားလိုက်နာတတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ရဲဘော်တွေဖြစ်အောင် လေ့ကျင့်သင်ကြားရင်း အညာက ဗမာ့အမျိုးသား တော်လှန်ရေးတပ် ဆိုပြီး စနစ်ကျတဲ့ တပ်တစ်ခု ပေါ်ပေါက်လာအောင် ကျွန်တော်တို့ စုစည်းနေတာ ရှိပါတယ်” ဟု ဗိုလ်နဂါးက ဆိုသည်။

ချိတ်ဆက်ကာ ပူးပေါင်းပါဝင်နိုင်စေရန် အပယ်ခံ ရဲဘော်များ၊ အပယ်ခံ အဖွဲ့များကို စုစည်းနေကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *