MT News

Written by Thettant

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် အောက်တိုဘာ ၂၇ ရက် ည ၁၁ နာရီခန့်က နှလုံးသွေးကြောပိတ်ရောဂါဖြင့် ဘ၀နတ်ထံပျံလွန်ခဲ့သည့် မြ၀တီမင်းကြီးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အရိယာဘိဝံသ (သ.စ.အ ဓမ္မာစရိယ-၀ဋံသကာ) ၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားအစီအစဥ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်းပခဲ့သည်ဟု သိရသည်။

မြဝတီမင်းကြီးကျောင်းတိုက်၏ နာယကဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ ဘဝနတ်ထံပျံလွန်တော်မူခြင်းအပေါ် NUG အပါအဝင် အဖွဲ့အစည်း ၃၀ ခန့်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့သည်။

NUG ၏ သဝဏ်လွှာတွင် ဆရာတော်သည် သက်တော်ထင်ရှားရှိနေစဉ်ကာလအတွင်း ရဟန်းတို့၏ အလုပ်ဖြစ်သော ပဋိယတ္တိ၊ ပဋိပတ္တိအလုပ်များကို သာသနာတော်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အပြင် မြန်မာနိုင်ငံအတွင်း အာဏာရှင်အဆက်ဆက်ကို ပြတ်သားစွာ ဆန့်ကျင်လျက် ပြည်သူလူထုနှင့်အတူ ဖြောင့်မတ်စွာရပ်တည်တော်မူရင်း မြတ်ဗုဒ္ဓ၏ အဆုံးအမများကို အကြောင်းနှင့်အကျိုးကောင်းစွာသုံးသပ်ဆင်ခြင်၍ နည်းလမ်းကျစွာ လမ်းညွှန်ပြသတော်မူခဲ့သည့် ပုဂ္ဂိုလ်တဦးဖြစ်သည့်အတွက် သာသနာတော်အတွက်သာမက အမှန်တရားကို လေးစားမြတ်နိုးကြသူများအတွက်၊ နိုင်ငံတော်အတွက်၊ နွေဦးတော်လှန်ရေးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီးဖြစ်ပါကြောင်း အလေးအနက် မှတ်တမ်းတင်အပ်သည်ဟု ဖော်ပြခဲ့သည်။

ထို့အတွက် သက်တော် (၇၁)နှစ်၊ သိက္ခာတော် (၅၁) ရှိပြီဖြစ်သော ဆရာတော်အရှင်သူမြတ်သည် မြင့်မြတ်သောဘုံဘဝသို့ရောက်ရှိပါစေကြောင်း လေးလေးနက်နက် ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *