၁၀. ၈. ၂၀၂၃
Written by Htwe Ko Tun
အီကွေဒေါနိုင်ငံတွင် ဩဂုတ်လ ၂၀ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် သမ္မတလောင်းတစ်ဦး ဖြစ်သည့် ဖာနန်ဒို ဗီလာဗီဆန်စီယို မှာ မြို့တော် ကွီတို၌ ပြုလုပ်သော ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုတွင် ဩဂုတ်လ ၉ ရက်က လုပ်ကြံတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်းသိရသည်။
ဖာနန်ဒို ဗီလာဗီဆန်စီယို က အမျိုးသားလွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ကာ အဂတိလိုက်စားမှုများနှင့် ဒုစရိုက်ဂိုဏ်းများကိုတိုက်ဖျက်သွားမည်ဟု မဲဆွယ်ပွဲများ၌ ပြောခဲ့သည်။ ၎င်းက အီကွေဒေါတွင် ဒုစရိုက်ဂိုဏ်းအချို့နှင့် အစိုးရတာဝန်ရှိသူများအကြား ဆက်စပ်မှုများရှိနေကြောင်းကို စွပ်စွဲပြောကြားခဲ့သူ တစ်ဦးဖြစ်သည်။
Los Lobos (ဝံပုလွေများ) ဟုခေါ်သော အီကွေဒေါနိုင်ငံ၏ ဒုတိယအကြီးဆုံးဒုစရိုက်ဂိုဏ်းက လုပ်ကြံ သ-တ်ဖြတ်မှုအား ၎င်းတို့က ပြုလုပ်ခဲ့ခြင်းဟု ပြောခဲ့ကြသည်။ ထိုဂိုဏ်းက အဖွဲ့ဝင် ၈,၀၀၀ ခန့်အထိရှိကာ အများအပြားမှာ ဖမ်းဆီးချုပ်နှောင်ခြင်းကိုခံထားကြရသည်။ မကြာမီက အကျဉ်းသားအများအပြားသေဆုံးခဲ့ရသော အကျဉ်းထောင်များအတွင်း တိုက်ခိုက်မှုများ၌ Los Lobos ဂိုဏ်းက ပါဝင်ပတ်သက်ခဲ့သည်ဟုလည်း ဆိုသည်။ အလားတူပင် အီကွေဒေါနိုင်ငံမှာ အိမ်နီးချင်းကိုလံဘီယာနှင့် ပီရူးတို့တွင်ထုတ်လုပ်သော ကိုကင်းနှင့် မူးယစ်ဆေးဝါးများကို အမေရိကန်နှင့် ဥရောပတိုက်သို့ တင်ပို့ရန်ကောင်းသော အခြေခံအဆောက်အအုံတစ်ခု ဖြစ်လာရသည်။ လွှတ်တော်အမတ်လည်းဖြစ်ကာ သတင်းစာဆရာဟောင်း တစ်ဦးလည်းဖြစ်သော ဖာနန်ဒို ဗီလာဗီဆန်စီယို က ဒုစရိုက်ဂိုဏ်းများ၏ ထိုသို့ နိုင်ငံတွင်း လှုပ်ရှားနေမှုများကို ရှုံ့ချခဲ့သည်။
အသက် ၅၉ နှစ် ရှိပြီဖြစ်သော ဖာနန်ဒို ဗီလာဗီဆန်စီယို က အိမ်ထောင်ရှင်ဖြစ်ကာ သားသမီးငါးဦးရှိပြီး ရွေးကောက်ပွဲပထမအဆင့်တွင်ပါဝင်ယှဉ်ပြိုင်မည့် သမ္မတလောင်းရှစ်ဦးအနက်တစ်ဦးဖြစ်သည်။ မျက်မြင်တွေ့ရှိသူများက ၎င်းမှာ မဲဆွယ်ပွဲမှထွက်ခွာလာစဉ် ဒေသစံတော်ချိန် ညနေ ၆း၂၀ နာရီ(ဂရင်းနစ်စံတော်ချိန် ဩဂုတ်လ ၁၀ ရက် ၀၀း၂၀ နာရီ) တွင် အဆောက်အအုံတစ်ခု၏ အပြင်ဘက် ကားအတွင်းသို့ အဝင်တွင် ပစ်ခတ်ခံရခြင်းဟုပြောခဲ့ကြသည်။
ဖာနန်ဒို ဗီလာဗီဆန်စီယို မှာ ဦးခေါင်းတွင် သေနတ်ဖြင့်သုံးချက် အပစ်ခံရခြင်းဟုလည်း သိရသည်။
Ref—– BBC
