၁၀. ၈. ၂၀၂၃
Written by Nyein Kyaw

ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်း၌ ဒေါ်လာဈေး ကျပ် ၃,၅၀၀ ကျော်လာ၍ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၇၃၀,၀၀၀ အထိ မြင့်တက်ခဲ့ကြောင်း ပြည်တွင်းရွှေအရောင်းဆိုင်မှ သိရသည်။

ဩဂုတ်လ ၁၀ ရက် (ယနေ့)တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စကို ၁,၉၁၈ ဒေါ်လာသာရှိပြီး လေးရက်အတွင်း ၁၆ ဒေါ်လာကျဆင်းခဲ့သော်လည်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်းသည် ရောင်းဈေး ကျပ် ၃,၅၅၀ နှင့် ဝယ်ဈေး ကျပ် ၃,၅၁၀ အထိမြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးသည်လည်း အခေါက်ရွှေတစ်ကျပ်သားရောင်းဈေး ကျပ် ၃,၇၃၀,၀၀၀ နှင့် ဝယ်ဈေး ကျပ် ၃,၇၂၀,၀၀၀ အထိ မြင့်တက်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်းများ ဖြစ်ပွားခဲ့ပြီး ပြည်တွင်း၌ ဒေါ်လာနှင့် ရွှေဈေးနှုန်း မတည်ငြိမ်မှုများကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လပိုင်းတွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာ ကျပ် ၄,၃၀၀ အထိ မြင့်တက်ခဲ့စဉ် ပြည်တွင်းရွှေဈေးနှုန်းသည် အမြင့်ဆုံးအဖြစ် ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။

ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ထုတ်ပြန်ပြီးနောက် ဇူလိုင်လ ၂၂ ရက်တွင်မူ ပြည်တွင်းရွှေဈေးသည် ကျပ် ၃၅ သိန်းသို့ စတင်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ မြင့်တက်စဉ် ရွှေလုပ်ငန်းလုပ်ကိုင်သူတချို့က ကျပ် ၃၈ သိန်းအထိ မြင့်တက်ခဲ့စဉ်က ပြန်လည်ကျဆင်းချိန်တွင် ပိုက်ဘောမိခဲ့မှုများရှိခဲ့သဖြင့် အရောင်းအဝယ်များ သတိထားစေလိုကြောင်း သုံးသပ်မှုများရှိခဲ့သော်လည်း လက်ရှိအချိန်တွင်မူ ယင်းဖြစ်စဉ်များကဲ့သို့ တစ်ဒေါ်လာ ကျပ် ၄,၀၀၀ ကျော် မြင့်တက်မှုမရှိသေးသော်လည်း ရွှေဈေးနှုန်းသည် ကျပ် ၃၇ သိန်းကျော်အထိ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်ခဲ့သည့် ပြည်တွင်းရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများသည် ဩဂုတ် ၆ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၀၀ ကျပ်၊ ဩဂုတ်လ ၇ ရက်တွင် ရွှေဈေးနှုန်း ၃,၅၆၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၁၀ ကျပ်၊ ဩဂုတ်လ ၈ ရက်တွင် ရွှေဈေးနှုန်း ၃,၆၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၁၀ ကျပ်၊ ဩဂုတ်လ ၉ ရက်တွင် ရွှေဈေးနှုန်း ၃,၆၅၈,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၄၅ ကျပ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *