ထုတ်ရောင်းပေးသည့် ဆန်အမျိုးအစားများအနက် ဧည့်မထဆန်တစ်မျိုးသာ ဈေးနှုန်းတည်ငြိမ်

၁၀. ၈. ၂၀၂၃
Written by Ye Kyaw

အရန်ဆန်များ ထုတ်ရောင်းပေးပြီးနောက် ဧည့်မထဆန် (ဆန်သား ၁၀ %) တစ်မျိုးတည်းသာ ဈေးနှုန်း မြင့်တက်လာခြင်းမရှိဘဲ အခြားသောဆန်အမျိုးအစားများမူ ဈေးနှုန်းများ ဆက်လက်မြင့်တက်လာခဲ့ပြီး ရွှေဘိုပေါ်ဆန်းဆန် (ထူးထူးရှယ်)သည် တစ်အိတ်ကို ကျပ် ၁၅၅,၀၀၀ ကျော်သို့ မြင့်တက်လာကြောင်း လက်လီဆန်အရောင်းဆိုင်များမှ သိရသည်။

ပြီးခဲ့သည့် တစ်နှစ်ခွဲအတွင်း ပြည်တွင်းဆန်ဈေးနှုန်းများသည် အမျိုးအစားအလိုက် ရာခိုင်နှုန်း ၈၀ မှ ၁၄၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေမည်ဟု ကြေညာခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့သည်။

ထို့ကြောင့် ပြည်တွင်းဆန်ဈေးနှုန်းများ ကျဆင်းစေရန် ပြည်တွင်း၌ စားသုံးမှုများသည့် ပေါ်ဆန်းနှင့် ဧည့်မထဆန် အမျိုးအစားများကို ဩဂုတ်လ ၇ ရက်မှစတင်၍ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)နှင့် ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်များမှ တစ်ဆင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပြီး ဩဂုတ်လအတွင်း ဆန်အိတ်ရေ ၁၇၀,၀၀၀ ရောင်းချပေးသွားနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-10_13-17-36-1024x723.jpg

“အခုအရန်ဆန် ရောင်းပေးနေတာက ဝါးတန်းမှာက အိတ်ရေ ၃၀၀ လောက်နဲ့ ဘုရင့်နောင်မှာကတော့ အိတ်ရေ ၁၅၀ လောက်ပေါ့။ ဒါက တစ်ရက်ကိုပေါ့။ ကုန်စည်ဒိုင်နှစ်ခုပေါင်းဆို တစ်ရက်ကို အိတ်ရေ ၄၀၀ နဲ့ ၅၀၀ ကြားရှိတယ်။ ဆန်ကြမ်းရော၊ ဆန်ချော နှစ်လုံးပေါ့” ဟု ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးအောင်မြင့်က MT News သို့ ပြောသည်။

သို့သော်လည်း ကုန်စည်ဒိုင်များမှ ထုတ်ရောင်းပေးနေသည့် ရွှေဘိုပေါ်ဆန်းဆန် အမျိုးအစားအချို့၊ ဧရာဝတီပေါ်ဆန်းနှင့် ဧည့်မထဆန်များအနက် ဧည့်မထဆန် (ဆန်သား ၁၀ %) တစ်မျိုးတည်းသာ ဈေးနှုန်းဆက်လက်မြင့်တက်မှုမရှိဘဲ အခြားသော ပြည်တွင်းစားသုံးမှုများသည့် အညာဒေသထွက် ရွှေဘိုပေါ်ဆန်းဆန် (ထူးထူရှယ်) အမျိုးအစားသည် ဈေးနှုန်းများ မြင့်တက်နေပြီး အခြားလူကြိုက်များသည့် အလတ်တန်းစားဆန် ကြားပျံရှယ် (တောင်ပျံ)များလည်း ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း သိရသည်။

“ဆန်က တက်နေတာပဲ။ ဒါပေမဲ့ အခုပိုတက်နေတာက အညာထွက် ရွှေဘိုပေါ်ဆန်းဆန်က လာတာ လည်းနည်းတော့ တစ်ခေါက်ဝယ်တိုင်းမှာ သိသိသာသာတက်နေတာ။ အကြမ်းကတော့ တက်တော့ တက်တယ် သူ့လောက်မတက်ဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားလမ်းဈေး၊ လက်လီဆန်အရောင်းဆိုင်မှ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ် ဩဂုတ်လနှင့် စက်တင်ဘာလသည် ဆန်အထွက်နှုန်းကျပြီး ဈေးနှုန်းမြင့်တက်မှုရှိသည့်အတွက် အရန်များထုတ်ရောင်းပေးနေခြင်းဖြစ်ပြီး ယခုနှစ်တွင်မူ သမိုင်းတစ်လျှောက် အမြင့်ဆုံးမြင့်တက်ခဲ့မှုဖြစ်သောကြောင့် ယခင်ထက် ပို၍ဂရုစိုက် ရောင်းချပေးနေပြီး ကုန်သည်ကြီးများ ဝယ်ယူရန်မဟုတ်ဘဲ စားသုံးသူများကိုသာ အဓိကရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။

This image has an empty alt attribute; its file name is photo_2023-08-10_13-14-50-1024x768.jpg

“အမြဲတော့မဟုတ်ဘူး။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးထက် မြင့်နေတဲ့အချိန်မျိုးမှာ ကျွန်တော်တို့တွေက လိုအပ်တဲ့ပမာဏကို ထုတ်ပြီးတော့ ရောင်းပေးတာ။ ကုန်သည်ကြီးတွေ ဝယ်ဖို့တော့ မဟုတ်ဘူး။ ဒီတစ်ပိုင်တစ်နိုင်ဝယ်ယူလိုသူတွေအတွက်ကို စီစဉ်ပေးတာဖြစ်ပါတယ်။ ဒီအချိန်မှာ ကျဖို့တော့ ကျွန်တော်လည်း အာမမခံဘူး။ ဒါပေမဲ့ ဒီလိုရောင်းပေးခြင်းအားဖြင့် ဆန်ဈေးတက်နေတဲ့ အနေအထားမှာ လက်လီမှာ ဈေးကြီးကြီးပေးဝယ်နေရတဲ့ လူတန်းစားတွေအတွက်ပေါ့နော်။ ကျွန်တော်တို့က ပြန်ပြီး ထိန်းပြီး ရောင်းပေးတာပေါ့။ ဌာနဆိုင်ရာ ဝန်ထမ်းတွေရောပေါ့။ ဒါတွေလည်း လုပ်ပေးထားတာပါ။ ဩဂုတ်၊ စက်တင်ဘာ ဒီအချိန်က နှစ်တိုင်းမြန်မာနိုင်ငံက ဈေးအမြင့်ဆုံးအချိန်ဆိုတော့။ သမိုင်းတစ်လျှောက်မှာ တစ်ခါမှ ဒီလိုလည်းမဖြစ်ဖူးဘူး။ ဒီအချိန်က အမြင့်ဆုံးရာသီလို့ ပြောလို့ရတာပေါ့။ ဒီကာလက အရေအတွက်ကျတယ်။ ဈေးတက်တယ်။ နှစ်တိုင်းအရန်ဆန် ထုတ်ရောင်းတဲ့အချိန်လည်း ဒီအချိန်ပဲ” ဟု မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ ပြည်တွင်းဆန်ဈေးနှုန်းများသည် ဩဂုတ်လ ၄ ရက်တွင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၃၀,၀၀၀၊ ကြားပျံ(ရှယ်) တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၉၇,၀၀၀၊ ပေါ်ဆန်း(နယ်စုံ) တစ်အိတ်ကို ကျပ် ၉၅,၀၀၀၊ ဧည့်မထဆန်(အကြမ်း) တစ်အိတ်ကို ကျပ် ၆၀,၀၀၀၊ ဧည့်မထဆန် (ဆန်သား ၁၀ %) တစ်အိတ်ကို ကျပ် ၆၇,၀၀၀ ရှိခဲ့သည်။

အရန်ဆန်များ ထုတ်ရောင်းပေးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့၌ပင် ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၁၃၅,၀၀၀၊ ကြားပျံရှယ် တစ်အိတ်ကို ကျပ် ၁၀၅,၀၀၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ ပေါ်ဆန်း(နယ်စုံ) တစ်အိတ်ကို ကျပ် ၁၀၀,၀၀၀၊ ဧည့်မထဆန်(အကြမ်း) တစ်အိတ်ကို ကျပ် ၆၃,၀၀၀၊ ဧည့်မထဆန်(ဆန်သား ၁၀ %) တစ်အိတ်ကို ကျပ် ၆၇,၀၀၀ ရှိခဲ့သည့်အတွက် လက်ကား ကုန်စည်ဒိုင်များ၌ပင် ဆန်းအမျိုးအစားလိုက် တစ်အိတ်ကို ကျပ် ၃,၀၀၀ မှ ကျပ် ၅,၀၀၀ အကြား မြင့်တက်ခဲ့ခြင်းဖြစ်သည်။ ဩဂုတ်လ ၉ ရက်အထိ ယင်းဈေးနှုန်းအတိုင်း ဖြစ်ပေါ်လျက်ရှိပြီး ဆန်ဈေးနှုန်း ကျဆင်းလာခြင်းမရှိကြောင်း ဆန်စပါးကုန်ဒိုင်(ဝါးတန်း)၏ စာရင်းများအရ သိရသည်။

“လက်လီမှာ အစ်မတို့ ဝယ်စားတာဆို လူနည်းတော့ ရွှေဘိုရှယ် ခြောက်ပြည်တစ်အိတ်ကို အရင်က သုံးသောင်းကျော်ကျော်ကနေ ပြီးခဲ့တဲ့နှစ်ရက်လောက်က ဝယ်တာ ၃၇,၅၀၀ ပေးရတယ်။ တစ်အိတ်ကို ၆,၀၀၀ လောက်တက်တယ်။ တစ်ပြည်ချင်းဝယ်ရင် ၆,၆၀၀ ဆိုတော့ ၂၄ ပြည်တစ်အိတ်ကို ၁၅၅,၀၀၀ ကျော်နေပြီ” ဟု စမ်းချောင်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောသည်။

ဘုရင့်နောင်နှင့် ဝါးတန်း ဆန်ကုန်စည်ဒိုင်နှစ်ခုတွင် အရန်ဆန်များ ရောင်းချပေးရာတွင် ရွှေဘိုပေါ် ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီ ပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

သို့သော်လည်း ကုန်စည်ဒိုင်များသို့ သွားရေးလာရေးအဆင်ပြေသူများသာ သွားရောက်ဝယ်ယူနေပြီး အခြားသော ပြည်သူများအနေဖြင့် နီးစပ်ရာလက်လီအရောင်းဆိုင်များမှ ဝယ်ယူနေရခြင်းကြောင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းပေးနေသည့် ဆန်များကိုမူ အများပြည်သူများ လာရောက်ဝယ်ယူနိုင်ခြင်းမရှိခြင်း၊ သွားရောက်ဝယ်ယူလိုပါကလည်း အနည်းဆုံး မိသားစု နှစ်ခု သို့မဟုတ် သုံးခု၊ လေးခု စု၍သွားဝယ်မှသာ ပို၍အဆင်ပြေမှုရှိကြောင်း သိရသည်။

အကြံပြုချက်များ၊ တောင်းဆိုမှုများအရ မြို့နယ် ၁၁ ခုတွင် နေရာရွေး၍ အရောင်းဆိုင် သတ်မှတ်ဆောင်ရွက်ခြင်း၊ ကားဖြင့် လှည့်လည်ရောင်းချမှုများကိုလည်း စီစဉ်လျက်ရှိပြီး လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထဆန်အိတ်အကြီး အိတ်ရေ (၅၀) နှုန်းဖြင့် (နှစ်ပတ်လျှင်တစ်ကြိမ်) စနစ်တက် စာရင်းပြုစုပြီး ဖြန့်ဝေရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် Registration ဆောင်ရွက်ကာ Kpay ဖြင့် ငွေပေးချေပြီး Delivery အရောက်ပို့စနစ်ကိုပါ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အသိပေးကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *