၉. ၈. ၂၀၂၃
Translated by Htwe Ko Tun

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်ကနေ သြဂုတ်လ ၃ ရက်အထိ ကျင်းပခဲ့တဲ့ မယ်စကြာဝဠာပြိုင်ပွဲ(Miss Universe) မှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်အလှမယ် ခြောက်ဦးက သူတို့ကို အပေါ်ပိုင်း ဗလာကျင်းပြီး ခနွာကိုယ်စစ်ဆေးတာတွေကိုလည်း ခံခဲ့ရလို့ ပြိုင်ပွဲကို စီစဉ်ကျင်းပသူတွေအနေနဲ့ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ စွပ်စွဲခဲ့ကြတယ်ဆိုတာ သူတို့ ရဲ့ရှေ့နေဖြစ်သူက သြဂုတ်လ ၈ ရက်မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကလည်း အဆိုပါ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်အမျိုးသမီးတွေက အမှုဖွင့် တိုင်ကြားထားကြောင်းနဲ့ စုံစမ်းစစ်ဆေးသွားမယ်ဆိုတာပြောခဲ့ပါတယ်။

This image has an empty alt attribute; its file name is IMG_20230809_075646_156.jpg

ပြိုင်ပွဲဝင်အလှမယ်တွေက သူတို့ကို အမျိုးသားတွေအပါအဝင် လူ ၂၀ ကျော်ရှိတဲ့ အခန်းတစ်ခုအတွင်းမှာကိုယ်ခန္ဓာပိုင်းစစ်ဆေးမှုအတွက်ဆိုကာ ပြိုင်ပွဲစီစဉ်ကျင်းပသူတွေက အတွင်းခံတွေပါ ချွတ်ခိုင်းခဲ့တယ်လို့ ပြောခဲ့တယ်လို့လည်း ရှေ့နေအမျိုးသမီး မယ်လီဆာ အန်ဂရေနီက ဆိုပါတယ်။

အလှမယ်ငါးဦးကတော့ ဒီနောက်မှာ သူတို့ကို အပေါ်ပိုင်းဗလာကျင်းထားပြီး ဓါတ်ပုံရိုက်ခဲ့တယ်လို့ ဆိုခဲ့ကြတယ်ဆိုတာလည်း သိရပါတယ်။ ရှေ့နေ မယ်လီဆာကတော့ ပြိုင်ပွဲမှာ ဒီလိုစစ်ဆေးမှုတွေပြုလုပ်ဖို့ မလိုအပ်ပါဘူးဆိုတာ ပြောခဲ့ပါတယ်။ ပြိုင်ပွဲဝင်ခြောက်ဦးစလုံးက တိုင်ချက်အမှုတွေဖွင့်ခဲ့ကြတယ်ဆိုတာ သူမက ဆက်လက်ပြောကြားသွားပါတယ်။

သူတို့ထဲက အမည်မဖော်လိုတဲ့ တစ်ယောက်ကတော့ Kompas TV အသံလွှင့်ဌာနက ထုတ်လွှင့်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ရာမှာ ပြိုင်ပွဲကျင်းပသူတွေက သူ့ကို ပေါင်ဖြဲထားတဲ့ အနေအထားလည်း အပါအဝင် မသင့်တော်စွာ ထိုင်ခိုင်းမှုတွေပြုလုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ သူမက ချောင်းကြည့်ခံနေရသလိုလို စိတ်ထဲမှာခံစားရပြီး စိတ်ရှုပ်ထွေးကာ မသက်မသာ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသံလွှင့်ဌာနကတော့ သတင်းစာရှင်းလင်းပွဲကို ထုတ်လွှင့်ရာမှာ သူမရဲ့မျက်နှာကို ဝါးထားခဲ့ပါတယ်။

Reuters သတင်းဌာနက အင်ဒိုနီးရှားနိုင်ငံ၊ မယ်စကြာဝဠာပြိုင်ပွဲကို ကျင်းပတဲ့ PT Capella Swastika Karya ကုမ္ပဏီနဲ့ ကုမ္ပဏီတည်ထောင်သူ Poppy Capella တို့ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကတစ်ဆင့် ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် တုံ့ပြန်မှုမရှိခဲ့ပါဘူး။ မယ်စကြာဝဠာအဖွဲ့(Miss Universe Organization) ထံ တစ်စုံတစ်ရာ ထင်မြင်ယူဆချက်ပေးဖို့ အီးမေးလ်နဲ့အကြောင်းကြားခဲ့ပေမဲ့လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Ref–Reuters

Leave a Reply

Your email address will not be published. Required fields are marked *

Related News