၇. ၈. ၂၀၂၃
Written by Ye Kyaw

ဆန်ဈေးကျဆင်းစေရန် အခြေခံလူတန်းစား အများဆုံးနေထိုင်သည့် မြို့နယ် ၁၁ ခုတွင် အရောင်းဆိုင်များ သတ်မှတ်၍လည်းကောင်း၊ ကားများဖြင့် လှည့်လည်‌၍လည်းကောင်း သက်သာသောဈေးနှုန်းဖြင့် ဆန်များရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

အကြံပြုချက်များ၊ တောင်းဆိုမှုများအရ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ ဒလ၊ တွံတေး၊ မှော်ဘီ၊ မင်္ဂလာဒုံ စသည့် မြို့နယ် ၁၁ ခုတွင် နေရာရွေး၍ အရောင်းဆိုင် သတ်မှတ်ဆောင်ရွက်ခြင်း၊ ကားဖြင့် လှည့်လည်ရောင်းချမှုများကိုလည်း စီစဉ်လျက်ရှိပြီး မကြာမီ စတင်နိုင်ရန် ပြင်နေကြောင်းနှင့် စီစဉ်ပြီးပါက ထပ်မံ၍ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

This image has an empty alt attribute; its file name is photo_2023-08-07_15-32-19-1024x768.jpg

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျှင် ဧည့်မထဆန်အိတ်အကြီး အိတ်ရေ (၅၀) နှုန်းဖြင့် (နှစ်ပတ်လျှင်တစ်ကြိမ်) စနစ်တကျ စာရင်းပြုစုပြီး ဖြန့်ဝေရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် အွန်လိုင်းစနစ်ဖြင့် Registration ဆောင်ရွက်ကာ Kpay ဖြင့် ငွေပေးချေပြီး Delivery အရောက်ပို့စနစ်ကိုပါ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

ရန်ကုန် (ပြည်သူ့ရင်ပြင်) မိုးရာသီ ဈေးရောင်းပွဲတော်တွင် ဆန်အရောင်းဆိုင်ဖွင့်လှစ်ပြီး သက်သာသောဈေးဖြင့် ဆန်မျိုးစုံရောင်းချခဲ့ရာ ဈေးဝယ်သူများအနေဖြင့် စိတ်ဝင်စားစွာဖြင့် မျှော်မှန်းထားသည်ထက် ပို၍ဝယ်ယူကြသည်ကို တွေ့ရှိကြောင်း ဖော်ပြထားသည်။

This image has an empty alt attribute; its file name is photo_2023-08-07_15-32-22-1024x768.jpg

သက်သာသောဈေးနှုန်းများဖြင့် ပေါ်ဆန်းဆန်၊ ဧည့်မထဆန် မျိုးစုံရောင်းချမှုကို ဩဂုတ်လ ၇ ရက်(ယနေ့)တွင် စတင်ပြီး လမ်းမတော်-ဝါးတန်းဆန်စပါးကုန်စည်ဒိုင်နှင့် ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင် စသည့် (၂)နေရာတွင် ဆက်လက်ရောင်းချပေးလျက်ရှိသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းအဖွဲ့များ၊ ဆန်စပါးပို့ကုန်ကုမ္ပဏီများ၊ ဆန်စက်များ/ဆန်ကုန်သည်များ စုပေါင်း၍ ဩဂုတ်လ၊ စက်တင်ဘာလများတွင် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်နှင့် အခြေခံပြည်သူများအတွက် သက်သာဈေးဖြင့် အရည်အသွေးမှန်သော ဆန်များရောင်းချပေးရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဆန်များ‌ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *