MT News

Written by Nay Aung

မလေးရှား ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းက Cheras အရပ်ဒေသရှိ မတူညီသော နေရာသုံးခုကို စီးနင်းရှာဖွေခဲ့ရာ နိုင်ငံအတွင်း တရားမဝင်နေထိုင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအပါအဝင် နိုင်ငံခြားသား ၄၂၅ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။

ကွာလာလမ်ပူမြို့ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Syamsul Badrin Mohshin က ဖမ်းဆီးထိန်းသိမ်းခံရသော နိုင်ငံခြားသားများသည် အသက် ၈ နှစ်မှ ၅၄ အရွယ်ကြားရှိသူများဖြစ်ကြောင်း ပြောသည်။ အဆိုပါဖမ်းဆီးခံရသူများသည် ဖြတ်သန်းခွင့် သို့မဟုတ် ခွင့်ပြုချက်ကို အလွဲသုံးစားပြုလုပ်ခြင်း၊ ခွင့်ပြုထားသောကာလထက် ကျော်လွန်နေထိုင်နေခြင်း၊ တရားဝင်အထောက်အထားမရှိဘဲ နေထိုင်နေသူများဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖမ်းဆီးခံရသော နိုင်ငံခြားသား ၄၂၅ ဦးသည် ဖိလစ်ပိုင်၊ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ နီပေါ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဖြစ်ပြီး မြန်မာနိုင်ငံသား ၁၀၈ ဦးပါဝင် ဖမ်းဆီးခံရကြောင်း ကွာလာလမ်ပူမြို့ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးက ပြောသည်။

၎င်းက “ကျွန်တော်တို့ဟာ ပြည်သူလူထုက တိုင်ကြားချက်တွေ၊ သတင်းအချက်အလက်တွေကို အခြေခံပြီး အရေးယူဆောင်ရွက်မှုတွေလုပ်နေပါတယ်။ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူများနဲ့အပေးအယူ လုပ်မှာမဟုတ်ဘူး။ မလေးရှားနိုင်ငံအတွင်း တရားမဝင်နေထိုင်နေသူတွေကို ခွင့်ပြုမှာမဟုတ်ဘဲ တင်းကြပ်စွာအရေးယူသွားမှာပါ” ဟု ပြောသည်။

မလေးရှားအာဏာပိုင်များသည် ပြည်သူများ၏ တိုင်တန်းချက်ကို လက်ခံရရှိပြီးနောက် အဆိုပါ အရပ်ဒေသကို သီတင်းပတ်နှစ်ပတ်ကြာစုံစမ်းခဲ့ပြီးနောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ကွာလာလမ်ပူ လူဝင်မှု ကြီးကြပ်ရေးအဖွဲ့ ညွန်ကြားရေးမှူးက ပြောသည်။

Cheras အရပ်ဒေသတွင် တရားမဝင်လာရောက်နေထိုင်သော နိုင်ငံခြားသားအရေအတွက်များ များပြားနေသည့်အတွက် လူမူရေးပြဿနာအများအပြားကို ဖြစ်ပွားစေခဲ့ကြောင်း မလေးရှားပြည်သူများက တိုင်တန်းခဲ့ကြောင်း သိရသည်။ စုံစမ်းစစ်ဆေးမှုများအရ ဖမ်းဆီးခံရသူအများစုသည် မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းအမျိုးမျိုးကို တရားမဝင်လုပ်ကိုင်နေသူများဖြစ်ကြောင်း ၎င်းက ပြောသည်။

Ref-News Straits Times

Leave a Reply

Your email address will not be published. Required fields are marked *