လာမည့်အပတ်တွင် လက်လီအရောင်းဆိုင်များကိုပါ ရောင်းချပေးမည်။

၇. ၈. ၂၀၂၃
Written by Ye Kyaw

ဆန်ဈေးနှုန်းကျဆင်းစေရန် ဩဂုတ်လ ၇ ရက်(ယနေ့)မှစတင်၍ သက်သာသောဈေးနှုန်းဖြင့် ကုန်စည်ဒိုင်များမှတစ်ဆင့် မှတ်ပုံတင်တစ်ခုလျှင် ပေါ်ဆန်းဆန် တစ်အိတ်နှင့် ဧည့်မထဆန် တစ်အိတ် ရောင်းချပေးလျက်ရှိပြီး လာရောက်ဝယ်ယူသူများပြားလျက်ရှိသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်စေရန်အလို့ငှာ ပြည်တွင်းစားသုံးမှုများသည့်ဆန်များကို ဩဂုတ်လ ၇ (တနင်္လာနေ့)မှစတင်၍ ဝါးတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးနေခြင်းဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-07_11-14-15-3-1024x768.jpg

“ဧည့်မထဆန်ကို အိတ်ရေ ၅၀,၀၀၀ သတ်မှတ်ထားရာကနေ အခုဆို အိတ်ရေ ၁၀၀,၀၀၀ လောက်အထိ ရောင်းချပေးဖို့ စီစဉ်ထားတယ်။ ပြီးတော့ တစ်ဦးချင်းသာမကဘဲလက်လီအရောင်းဆိုင်တွေကိုလည်း နောက်အပတ်ထဲမှာ ရောင်းချပေးသွားမှာပါ” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

တစ်ဦးချင်းဝယ်ယူသူများအတွက် မှတ်ပုံတင်တစ်ခုကို ဆန်ချော‌ပါ်ဆန်း တစ်အိတ်နှင့် ဧည့်မဆန် တစ်အိတ် စုစုပေါင်းနှစ်အိတ် ရောင်းချပေးမည်ဖြစ်သည်။ ထို့ပြင် လက်လီအရောင်းဆိုင်များမှ ဝယ်ယူလိုသူများအနေနှင့် ဆန်စပါးအသင်းချုပ်နှင့် ဆန်ကုန်စည်ဒိုင်များသို့ လျှောက်လွှာတင် ဝယ်ယူနိုင်ပြီး တာဝန်ရှိသူများက အမှန်တကယ်ရောင်းချခြင်းရှိမရှိ သွားရောက်စိစစ်ဆေး၍ မှန်ကန်မှုရှိပါက ရောင်းချပေးသွားမည်ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-08-07_11-14-15-4-1024x768.jpg

သက်သာသောဈေးနှုန်းဖြင့် ဆန်များစတင်ရောင်းချပေးသည့် ယနေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် အများအပြားမှ လာရောက်ဝယ်ယူခဲ့ကြပြီး ဝါးတန်းဆန်ကုန်စည်ဒိုင်တွင်မူ အခြေခံလူတန်းစားများသော တောင်ဒဂုံ၊ တွံတေး၊ ဒလ မြို့နယ်တို့မှ လာရောက်ဝယ်ယူသူများအပြင် စမ်းချောင်း၊ ဗဟန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ စသည့်မြို့နယ်များမှ ပြည်သူများကလည်း လာရောက်ဝယ်လျက်ရှိသည်ကို တွေ့ခဲ့ရသည်။

ဆန်များ‌ရောင်းချပေးရာတွင် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *